http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Jan 2013

"တိုက်ပွဲကိုဆွေးနွေးပွဲဖြင့် အမြန်အစားထိုး"





၁. လက်ရှိအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် ပြည်တွင်း၊ ပြည်ပမှ ထောက်ခံအားပေးမှုတနေ့တခြား ပိုမိုတိုးပွားလာနေတဲ့အချိန်မှာ
ကချင်ပြည်နယ်ကတိုက်ပွဲဟာပြုပြင်ပြောင်းလဲရေးကို အနှောက်အယှက် အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီအစိုးရသစ်၏ ပုံရိပ်လွှာကို အမည်းစက်ထင်စေနိုင်ပါသည်။
၂. အစိုးရတပ်နှင်ကေအိုင်အေတပ်အကြားဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ၏ အဓိက ဓါးစာခံဟာအပြစ်မဲ့ဒေသခံပြည်သူတစ်ရပ်လုံးဖြစ်ပါသည်။
ကချင်ပြည်နယ်တစ်ဝန်းလုံးတွင် ယခုအချိန်၌ စစ်ပြေးဒုက္ခသည်စုစုပေါင်း တစ်သိန်းကျော်သွားပြီဖြစ်ကြောင်း နှင့် ၄င်းတို့သည် စစ်ပြေးဒုက္ခသည်စခန်းများ၌ အစားဆင်းရဲ၊
အနေဆင်းရဲဖြင့် အသက်ရှင် ရုန်းကန်နေထိုင် နေကြရကြောင်းသိရှိ တွေ့မြင် နေရပါသည်။
ထို့ကြောင့် ၄င်းတို့ကို လိုအပ်သော အကူအညီ အထောက်အပံ့ အလုံအလောက်ပေးပို့နိုင်ရန်နှင့် မိမိတို့၏ မူလရပ်ရွာ နေအိမ်များသို့ အမြန်ပြန်နိုင်အောင် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေပါသည်။

၃. ကေအိုင်အေစစ်သားပဲသေသေ၊ ဗမာစစ်သားပဲသေသေ အားလုံး ပြည်ထောင်စုသား တွေဖြစ်ကြတယ်၊
ဘယ်သူ့ကိုမှမသေစေချင်ဘူး 
အစိုးရက ကေအိုင်အိုဌာနချုပ်ကိုသိမ်းဖို့ရည်ရွယ်ချက်မရှိပါဘူး၊ ကျွန်တော်က ထိုးစစ်မဆင်ဖို့ တပ်မတော်ကို ညွှန်ကြားထားပါတယ် ဆိုသော
သမ္မတဦးသိန်းစိန်၏ပြောကြားချက်များကို ကြိုဆိုပါ သည်။
လက်တွေ့အရလည်း ယင်းကဲ့သို့ ဖြစ်လာရန်မျှော်လင့်သည်။

၎. ကချင်လူမျိုးများသည် လွတ်လပ်ရေးတိုက်ပွဲ၌ရှေ့တန်းက ပါဝင်ခဲ့ကြပါသည်။ ပြည်ထောင်စု ဖွဲ့စည်းရာ၌လည်း အဓိကအခန်းကပါဝင်ခဲ့သလို ပြည်ထောင်စုပြိုကွဲမသွားရန်
ကာကွယ် ထိန်းသိမ်းရာ၌လည်း စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
၁၉၄၉ ခုနှစ်တွင် ရောင်စုံသူပုန်များကြောင့် ပြည်ထောင်စုအသစ်ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့စဉ်က ကချင်တပ်ဖွဲ့များသည်
ပြည်ထောင်စုကို ကယ်တင်ပေးခဲ့သည့် သမိုင်းသက်သေ အထောက်အထားလည်း အထင်အရှားရှိပါသည်။
ကေအိုင်အိုအနေနဲ့လည်း ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းခဲ့ပါသည်။
၎င်းနောက် ၂ဝဝ၄ ခုနှစ် နှင့် ၂ဝဝ၇ ခုနှစ် အကြား အစိုးရကကျင်းပပြုလုပ်သော အမျိုးသားညီလာခံသို့ ကိုယ်စားလှယ်စေလွှတ်ခဲ့ပါသည်။
၎င်းအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲနှင့် ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲတို့ကိုလည်း အနှောက်အယှက်မပြုဘဲ အားပေးခဲ့ပါသည်။
ထိုသို့သော ကချင်တိုင်းရင်းသားများ၏ တိုင်းပြည်အတွက်အကျိုးပြုလုပ်ငန်းများကို ထောက်ထားသောအားဖြင့်လည်းကောင်း၊
စစ်၏မြေဇာပင်ဒေသခံပြည်သူများ၏ဆင်းရဲဒုက္ခကို မျှဝေ ခံစားပေးကြည့်ကာစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊
အစိုးရစစ်တပ်အနေနှင့် မြေပြင်ကရော၊ ဝေဟင်ကပါ အင်အားအလုံးအရင်းဖြင့် ကေအိုင်အိုအပေါ်ထိုးစစ်ဆင် နေမှုကို ချက်ခြင်းရပ်ဆိုင်းပေးသင့်သည်ဟုအမြင်ရှိသည်။

၅. ပြည်သူလူထုတရပ်လုံးက ငြိမ်းချမ်းရေးကို လိုလားတောင့်တနေသော ယခုလိုအချိန် အခါမျိုးတွင် စစ်ပွဲထက် ဆွေးနွေးပွဲကို ဦးစားပေး၍ လုပ်ဆောင်သင့်သည်ဟုမြင်သည်။
အထူးသဖြင့် ယခုလို ခေတ်ပြောင်း၊ စနစ်ပြောင်းကာလမျိုး၌ အစိုးရအနေနှင့် လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းစေပြီး အမျိုးသားပြန်လည်ရင်ကြားးစေ့ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကို နေ့မအား၊ ညမနား ကြိုးစားလုပ်ဆောင်သင့်ပါသည်။
တစ်ဖက်နှင့်တစ်ဖက်အကြား သံသယစိတ်၊အာဃာသစိတ် နှင့်အမုန်းတရားများကိုမပွားစေဘဲ ကလဲ့စားချေချင်စိတ် နှင့်တစ်ဖက်သတ် အနိုင်ယူချင်စိတ်များကိုဖယ်ရှားပစ်ကာ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ ချစ်ခြင်း မေတ္တာက သာအားလုံးကိုအနိုင်ယူနိုင်သည့် ဆိုသော စကားစုများကို နှလုံးမူ ပြီးအဓိပ္ပါယ်ပြည့်ဝသောနိုင်ငံရေးဆွေးနွေးပွဲစားပွဲဝိုင်းသို့ အမြန်လျှောက်လှမ်းသွားကြစေလိုပါသည်။
အကယ်၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေအုံးမည်ဆိုလျှင် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေးကွာ သွားနိုင်သည်သာမက ကြိုတင်မမှန်းဆထားနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများပေါ်ထွက်လာမည်ကို စိုးရိမ်ပူပန်မိပါသည်။

၆. လက်ရှိ ကချင်ပြည်နယ်အတွင်းကတိုက်ပွဲများသည် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် မည်သို့မျှ အကျိုးဖြစ်ထွန်းစေနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍၊ အစိုးရအနေနှင့်ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲကိုဆွေးနွေးပွဲဖြင့်အမြန်အစားထိုးပြီး ထိုးစစ်များကိုချက်ခြင်းရပ်တန်းက ရပ်ပေးပါရန် ကချင်တိုင်းရင်းသားပြည်သူတစ်ဦးအနေဖြင့် အလေးအနက်ပန်ကြား တောင်းဆိုလိုပါကြောင်းထုတ်ပြန်ကြေငြာအပ်ပါသည်။

ဒေါက်တာတူးဂျာ
မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်။
၂ဝ၁၃ ခုနှစ်၊ ဇန္နဝါရီလ (၁) ရက်။   
http://blog.irrawaddy.org/2013/01/blog-post_3901.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif