ကြယ်စင် မော်ကွန်း ဆိုတဲ့ ဇာတ်ကား ရဲ့ ပုံရိပ် တွေကို တင်ဆက် ပေးချင် ပါတယ်။ တင်အောင်စိုး (ပန်းမြို့တော်) ရဲ့ ဝတ္ထုကို ဦးငြိမ်းမင်းက ဇာတ်ညွှန်း ရေးသားပြီး ဒါရိုက်တာ ပန်းချီစိုးမိုးက ပုံဖော်ရိုက်ကူးထားပြီး နှစ်နဲ့ချီအောင် အချိန်ပေးကာ အကောင်းဆုံး တင်ဆက်ထားတဲ့ကားလည်း ဖြစ်ပါတယ်။ အဲဒီကားမှာ သရုပ်ဆောင် ထားတဲ့ သူတွေရဲ့ ဇာတ်ကွက်တွေကို လေ့လာကြည့်တဲ့အခါ...
လူမင်း
ကိုယ်က ဒီကားထဲမှာ ပထမပိုင်းမှာ ဦးပဉ္ဓင်း ဦးနန္ဒအဖြစ် သရုပ်ဆောင်တယ်။ နောက် ဘီအိုင်အေတပ်တွေ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့ကနေ ထားဝယ်စစ်ကြောင်း မြန်မာနိုင်ငံထဲ ဝင်လာတော့ ထားဝယ်မြို့ ပန်းစုံရွာအနီးကို ရောက်လာတယ်။ အဲဒီမှာ ကိုယ်ကရှိတယ်။ နောက်တော့ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဆန္ဒရှိလွန်းလို့ ဝင်သွားတယ်။ ဘီအိုင်အေတပ်သား ဖြစ်သွားတော့ စစ်ပညာတွေကိုလည်း သွားလာရင်းနဲ့ သင်ရတယ်။

ကိုယ်နဲ့အတူတူ စစ်ထဲဝင်တာက စောသိန်းအောင်ပေါ့။ သူကလည်း အရမ်းကို ဆန္ဒပြင်းပြနေတယ်။ ကိုယ်တွေကလည်း တအား ကြိုးစားရတယ်။ နောက်တော့ ကိုယ်ကတပ်ထဲမှာ ပြဿနာတက်ရင်း မရင်မေနဲ့တွေ့တယ်။ သူကလည်း အရမ်းထက်မြက်တဲ့ မိန်းကလေးလို့ ပြောရမယ်။ သူငယ်ချင်းနှစ်ယောက် လက်တွဲပြီး တိုက်ပွဲဝင်လာရင်းနဲ့ တပ်ကြပ်အဆင့်အထိကို ရောက်လာတယ်။
ဘီအိုင်အေကို ဖျက်သိမ်းတော့လည်း ကိုယ်ကရွာကိုမပြန်ဘဲ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) မှာပဲ ဆက်လုပ်တယ်။ အဆင့်ဆင့် ရာထူးတိုးပြီး ဗိုလ်နန္ဒ ဖြစ်သွားတယ်။ မရင်မေနဲ့လည်း ပြန်ဆုံပြီး အိမ်ထောင်ကျသွားတယ်။ မိတဆိုး သားသမီးတွေကိုလည်း စောင့်ရှောက်ထားတယ်။ နောက် တော်လှန်ရေးတွေ လုပ်ရင်းနဲ့ တိုင်းပြည်အတွက် မဲခေါင်စစ်ဆင်ရေးကို ဆင်နွဲရင်း ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ လွတ်လပ်ရေးလည်း ရသွားပြီ။ ကိုယ်ကလည်း ဗိုလ်မှူးအဆင့်နဲ့ အနားယူလိုက်တယ်။ ဇာတ်လမ်းကတော့ ပရိသတ်တွေ ကြည့်ပြီးမှ ဆုံးဖြတ်စေချင်တယ်။ ဒီကားကို အချိန်တွေလည်း အများကြီး ပေးထားပြီး ရိုက်ထားတယ်။
နေတိုး
ကျွန်တော်က စောသိန်းအောင်နဲ့ မခင်ကြွေတို့ရဲ့သား၊ ဉာဏအဖြစ် သရုပ်ဆောင်ထားတယ်။ အဖေနဲ့အမေက ဂျပန်တွေကို တော်လှန်ရင်းနဲ့ သေသွားတယ်။ အဒေါ်ဖြစ်တဲ့ မရင်မေနဲ့ ဗိုလ်မှူးနန္ဒတို့က မွေးစားထားတယ်။ အဖြစ်မှန်တွေကိုလည်း အသက် ၁၆ နှစ်ပြည့်တော့ ပြောပြတယ်။ ကိုယ့်မှာ မပန်းမွှေးဆိုတဲ့ ညီမလေးရှိတယ်။ သူ့ကိုလည်း မွေးစားထားတာပဲ။ သူကတော့ စစ်ကိုရွံတယ်။

ကိုယ်ကတော့ တက္ကသိုလ်တက်ရင်း မပျော်လို့ စစ်တက္ကသိုလ် တက်တယ်။ နောက်တော့ ကွမ်းလုံတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံပဲ တိုက်ခိုက်ရတယ်။ အဲဒီတိုက်ပွဲမှာ တပ်ကြပ်ဇော်မြင့်က ရန်သူ့လက်ကနေ ကိုယ့်ကို ကယ်ခဲ့တယ်။ နောက်မှ သိရတာက ညီမလေးရဲ့ချစ်သူ ဖြစ်နေတယ် ဆိုတာပဲ။ နောက်တော့ သူ့မိဘတွေဆီ သွားရင်းနဲ့ ခင်မြတ်နွယ်နဲ့တွေ့ပြီး အိမ်ထောင်ကျသွားတယ်။ သားသမီးတွေလည်း ထွန်းကားတယ်။ ကိုယ်ကတော့ ကိုယ်ကျရာ ဇာတ်ရုပ်မှာ အပီအပြင်ဆုံး ဖြစ်အောင်တော့ သရုပ်ဆောင်ထားပါတယ်။
ပန်းဖြူ
ဒီကားမှာတော့ အစ်မက မရင်မေဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်ထားတယ်။ ညီအစ်မ နှစ်ယောက်လုံးက ဂျပန်လက်ထက်မှာ အတွင်းသူပုန် အနေနဲ့ ဘီအိုင်အေ ရဲဘော်တွေကိုလည်း ကူညီတယ်။ တအားလည်း ထက်မြက်တဲ့ သူတွေပေါ့။ နောက်တော့ တိုက်ပွဲမှာ နန္ဒနဲ့တွေ့ပြီး ရင်ခုန်ကြတယ်။ ဘီဒီအေခေတ် ရောက်တော့လည်း ညီအစ်မ နှစ်ယောက်စလုံးက ဗိုလ်နန္ဒတို့ လိုအပ်တာတွေကို ကူညီတယ်။ နှစ်ယောက်သားကလည်း ချစ်သူတွေ ဖြစ်သွားကြတယ်။

နှစ်တွေ ပြောင်းလာတော့ ဗိုလ်ကြီးနန္ဒနဲ့ လက်ထပ်လိုက်တယ်။ အစ်မရဲ့သားဖြစ်တဲ့ ဉာဏနဲ့ အောင်ညွန့်နဲ့ ခင်ထားနွဲ့တို့ရဲ့ သမီး မပန်းမွှေး တို့ကိုလည်း သားသမီး အရင်းလိုပဲ စောင့်ရှောက်တယ်။ နောက်ပိုင်း Ending လေးကတော့ ကောင်းပါတယ်။ ကိုယ်သရုပ်ဆောင်ရတဲ့ အပိုင်းတွေကို သဘောကျ အားရတယ်လို့ ပြောရမယ်။
အိန္ဒြာကျော်ဇင်
ဒီကားမှာ အစ်မရဲ့ ဇာတ်ရုပ်က ဂျပန်အလိုတော်ရိ ဦးအောင်ညွန့်နဲ့ ခင်ထားနွဲ့တို့ကနေ မွေးလာတဲ့ မပန်းမွှေးဆိုတဲ့ နေရာကနေ သရုပ်ဆောင်ထားတယ်။ သူများက မွေးစားထားပေမယ့် စိတ်ကတော့ သိမ်ငယ်နေတယ်။ နောက်ပြီး စစ်ဆိုတာကိုလည်း စိတ်ထဲက မုန်းနေတယ်။

တက္ကသိုလ်တက်ရင်းနဲ့ ဇော်မြင့်နဲ့ ချစ်သူဖြစ်တယ်။ ကိုယ်ကတော့ ကျောင်းဆရာမ လုပ်ချင်တယ်။ နောက်ပိုင်း ကိုယ်ချစ်တဲ့သူကလည်း စစ်ထဲဝင်ပြီး ကွဲသွားကြတယ်။ ကိုယ်လည်း အိမ်ထောင်တွေကျပြီး သားသမီးတွေရတယ်။ ဇာတ်လမ်းက သမိုင်းကြောင်းကို အခြေခံပြီး ရိုက်ထားတဲ့အတွက် ထူးခြားတဲ့ ဇာတ်လမ်းလို့လည်း ပြောရမယ်ထင်တယ်။
www.yoyarlay.com
0 comments:
Post a Comment