http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

ပ လတ် စ တစ် ဆာ ဂျ ရီ လုပ် တာ ကို ကျွန် မ အား မပေး ဘူး ကိတ်ဝင်း စ လက်

ပလတ်စတစ် ဆာဂျရီ လုပ်တာကို ကျွန်မ အားမပေးဘူး ကိတ်ဝင်းစလက်ထူးချွန်ဆုပေါင်း များစွာရရှိပြီး ဆန်ကာတင်စာရင်း အကြိမ်ကြိမ် ဝင်ခဲ့သူ ဗြိတိသျှ မင်းသမီး ကိတ်ဝင်းစလက်ကို ၁၉၇၅ ခုအောက်တိုဘာလ (၅)ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား အရပ် ရီဒင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ်မှာ အနုပညာ သင်တန်းကျောင်း တက်ပြီး ပြဇာတ်ဘာသာရပ်ကို လေ့လာ ဆည်းပူးခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာ ရုပ်မြင်သံကြား ကြော်ငြာတစ်ခုမှာ ပါဝင်ခွင့် ရရှိခဲ့ကာ ဘီဘီစီ ရုပ်မြင်သံကြားရဲ့ ကလေးများအတွက် စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့် ရလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ Heavenly Creatures ရုပ်ရှင်ကားအတွက် လျှောက်ထားသူ မိန်းကလေး ၁၇၅ ယောက်အနက် သူတစ်ယောက်တည်း အရွေးခံခဲ့ရပြီး ဂျူလီယက်ဟုမ်းအဖြစ် သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ သူ့ကို လူသိ များစေခဲ့တာကတော့ ၂၀၀၇ ခုနှစ်မှာ ဒါရိုက်တာ ဂျိမ်း(စ်) ကင်မရွန်ရိုက်တဲ့ Titanic မှာ ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင်ခွင့် ရရှိခဲ့ခြင်းပါပဲ။
သူက. .“Titanic က တခြားရုပ်ရှင်ကားတွေနဲ့ မတူဘူး။ လုံးဝ ကွဲပြားခြားနားတယ်။ကျွန်မအနေနဲ့ ဘာကိုမှ ကြိုတင် ပြင်ဆင်ထားတာတွေ မလုပ်ခဲ့ရဘူး။ အဲဒီ စွန့်စားခန်း ရုပ်ရှင်ကားကြီး တစ်ခုလုံးမှာ ပါဝင် သရုပ်ဆောင်ရမယ်ဆိုတော့ ကျွန်မတို့အားလုံး တကယ်ကို ကြောက်ရွံ့နေကြတယ်။ ဒါရိုက်တာ ဂျိမ်း(စ်)ဟာ အပြစ်ပြောစရာ မရှိအောင် အကောင်းဆုံး လုပ်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ရုပ်ရှင်တွေ ရိုက်ရာမှာ တကယ်ကို ပါရမီ ထူးတဲ့လူပါ။ ဒါပေမဲ့ အဲဒီကား ထွက်မလာခင် စာနယ်ဇင်းတွေက မကောင်းတဲ့ အရေးအသားတွေ ရှိခဲ့တယ်။ ဒါကတော့ တကယ်ကို ဝမ်းနည်းစရာ ကောင်းတယ်” လို့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။ ၂၀၀၈ ခုနှစ်မှာ The Reader ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် အော်စကာဆု ရခဲ့ပါတယ်။ အင်တာဗျူး တစ်ခုမှာ သူ့ရဲ့ငယ်စဉ်က အဖြစ်အပျက် တစ်ခုကို ပြောပြရာမှာ. .
“ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ မွေးထားတဲ့ ဟမ်းစတားလေး တစ်ကောင်က ရုတ်တရက် ကလေးမွေးတယ်။ ကိုယ်ဝန်ရှိနေမှန်း ကျွန်မတို့ မသိကြဘူး။အိမ်မွေး တိရစ္ဆာန်တွေ ရောင်း တဲ့ဆိုင်ကို ဖုန်းဆက်တဲ့အခါ သားပေါက်လေးတွေကို အမေနဲ့ သီးခြားစီ ထားဖို့ပြောတယ်။ ကလေးမွေးပြီးတဲ့အခါ ဟမ်းစတားတွေက သိပ်ကြောက်တတ်ကြတယ်။ သူတို့ကလေးတွေကို ပြန်စားတတ်ကြတယ်လို့ ပြောတယ်။ သူတို့ပြောတဲ့ စကားကို ကျွန်မတို့ နားမထောင်တော့ ဘာဖြစ်မှန်းမသိဘဲ အကောင်လေးတွေ သေသွားတော့ ကျွန်မ စိတ်အတော်လေး ထိခိုက်ခဲ့ရတယ်။ ဒီအဖြစ်ဆိုးကြီးကို မကြာခဏ အိပ်မက်မက်တာ အသက် ၁၅ နှစ်အထိပဲ”။ မျက်နှာ ခွဲစိတ်အလှပြင်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့.. “ပလတ်စတစ် ဆာဂျရီလုပ်တာကို ကျွန်မ အားမပေးဘူး။ အထူးသဖြင့် အသက်ငယ်ငယ် မိန်းကလေးတွေ သူတို့ရဲ့ မျက်နှာကို ခွဲစိတ်ထားတာကို မြင်ရတာ ကျွန်မ သဘောမကျဘူး”။ 
www.yoyarlay.com/index.p

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif