http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 May 2012

တစ် ခါ က ရန် ကုန် တ က္ကသိုလ် ကြီး

တစ်ခါက ရန်ကုန်တက္ကသိုလ်ကြီး (မောင်နှမ ဆောင်များ)(၁) ရန်ကုန် တက္ကသိုလ်ကြီး ဟာ ဒီနေ့ ပျောက်ကွယ် သွားပါပြီ။ အင်မတန် ရင်နာစရာ ကြေကွဲစရာ ကောင်းပါတယ်။ မြန်မာ့သမိုင်းမှာ ရန်ကုန် တက္ကသိုလ်ကြီး အခုလို ပျောက်ကွယ် သွားတာဟာ သမိုင်း ဝင်ဖြစ်ရပ်ဆိုးကြီးလို့ ကျွန်တော် ပြောချင်ပါတယ်။ တစ်မျိုးသားလုံး ယူကျုံးမရဖြစ်စေတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးနဲ့ အလားတူ “တက္က သိုလ်လုပ် ကြံမှုကြီး”ကို ကြုံခဲ့ရပြီလို့ ကျွန်တော်ပြောချင်ပါတယ်။
အဲဒီ တက္ကသိုလ်ကြီးရဲ့ရင်ခွင်မှာ နှစ်ငါး ဆယ်(၅၀)လောက်ခိုဝင်ခဲ့ဖူးတဲ့ ကျွန် တော့်အနေနဲ့ ပြောစရာတွေ အများ ကြီးရှိပါတယ်။ ကျွန်တော်ဟာ အနုံညာတ သာမည တစ်ယောက် ပါ။ ဒါပေမယ့်ပြောချင်၊ လွမ်းချင်၊ တမ်းတချင်ပါတယ်။ အနုံညာတ သာမည တစ်ယောက် ရေးတဲ့ စာလို့ပဲ သဘောထားကြပါ။
(၂)အရင်အပတ်က ရန်ကုန် တက္ကသိုလ်ကြီးရဲ့အဆောင် သဟာ ယနှင့် စာဖတ် အသင်းများ (S&R လို့အတိုကောက်ခေါ်တယ်)အကြောင်း အတော်အသင့် ပြောခဲ့ပါတယ်။ ဒီ တစ်ပတ်တော့ “မောင်နှမဆောင်” အကြောင်း ပြောချင်ပါတယ်။ အဆောင်ကို Hostel လို့လည်းခေါ် တယ်။ ရိုးရိုးဟောလ် hall လို့လည်း ခေါ်တယ်။ အဆောင်နာမည်တွေ ကလည်း အမျိုးသားဆောင်တွေမှာ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ပဲခူး၊ သထုံ၊ ရွှေဘို၊ ဒဂုန် စသည်ဖြင့် ရှေးကမင်း နေပြည်တော်တွေရဲ့ နာမည်ကိုမှည့် ကြတယ်။ အမျိုးသမီးအဆောင်တွေ မှာတော့ ရှေးယခင်က အင်းယား ဆောင်၊ ဘင်တန် Benton ဆောင်ပဲ ရှိခဲ့တယ်။
နောက်မှ ရတနာဆောင်နဲ့ မာလာဆောင်ရယ်လို့ တိုးလာတယ်။ အဲဒီအမျိုးသား၊ အမျိုးသမီးဆောင် တွေမှာနီးစပ်ရာသင့်လျော်ရာ အဆင် ပြေရာ အဆောင်နှစ်ဆောင်က မောင် နှမဆောင်ဆိုပြီး သတ်မှတ်တတ်ကြ တယ်။ သဘောကတော့ မောင်ရင်းနှမ ပမာ တစ်ဆောင်ရဲ့ကိစ္စကို တစ်ဆောင် က ကူညီဆောင်ရွက်ပေးကြရမယ်။ တက္ကသိုလ်တွင်းက အသင်းအပင်း ကိစ္စ တွေကို အတူတကွ ဆောင်ရွက်ကြရမယ် ဆို တဲ့သဘောပါပဲ။
ကျွန်တော်နေတဲ့ ရွှေဘိုဆောင်နဲ့ မောင်နှမဆောင်ဖွဲ့ထား တာကတော့ ဘင်တန်ဟောလ် Benton လို့ခေါ်တဲ့ သီရိဆောင်ပါပဲ။ (တစ်ချိန်က အင်မတန်လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကား တစ်ကားရှိတယ်။ ကွယ်လွန်သူ ညီတော်မောင် အကယ်ဒမီမောင်ဝဏ္ဏရဲ့ “ပန်းတွေနဲ့ဝေ”ဇာတ်ကား။ မင်းသား အကယ်ဒမီညွန့်ဝင်း၊ မင်းသမီး အကယ် ဒမီခင်ယုမေတို့နဲ့ပေါ့။ သိမ်မွေ့တဲ့ အချစ် ဇာတ်လမ်း။ အခုပြောတဲ့ ဘင်တန် ဟောလ်/ သီရိဆောင်မှာ ရိုက်ခဲ့တာ သတိရနေတယ်)
(၃)အဲဒီတော့ အဆောင်တွေ အကြောင်းဆက်ရဦးမယ်။ ကျွန်တော် နေတဲ့ အဆောင်က ရွှေဘိုဆောင်၊ ဟို အရင်တုန်းကတော့ North Hall လို့ ခေါ်တယ်။ သမိုင်းကြောင်း နည်းနည်း ပြောရလိမ့်မယ်ထင်တယ်။ ဟိုအရင် တုန်းကပေါ့ ရန်ကုန်တက္ကသိုလ်ကြီးနဲ့ ဂျက်ဆင်ကောလိပ်/ယုဒသန်ကောလိပ် Judson College ဆိုတာ သီးခြားရှိတာ တဲ့။ ကျွန်တော်တို့ မမီလိုက်ပါဘူး။ အဓိ ပတိလမ်းကြီးရဲ့ အရှေ့ဘက်က ရန်ကုန် တက္ကသိုလ်၊ အနောက်ဘက်ခြမ်းက ဂျက်ဆင်ကောလိပ်လို့ ခေါ်တယ်။ ဂျက် ဆင်ကောလိပ်မှာ အထင်ကရ ဂျက်ဆင် Chapel ခေါ်တဲ့ဘုရားကျောင်း မျှော်စင် ကြီးရှိတယ်။
ဘေးတစ်ဖက် တစ်ချက် မှာ North ဟောလ်နဲ့ Benton ဟောလ်၊ အခုရွှေဘိုဆောင်နဲ့သီရိဆောင်ရယ်လို့ ရှိခဲ့တယ်။ ရွှေဘိုဆောင်နဲ့အတူ အရင် ဂျက်ဆင် ကောလိပ်ပိုင် အဆောင်တစ် ဆောင်ရှိသေးတယ်။ ရွှေဘိုဆောင်နဲ့ တစ် တန်းတည်း အမျိုးသားဆောင် Wellington ဝယ်လင်တန်ဟောလ်လို့ ခေါ်တယ်။ အခုဒဂုန်ဆောင်တဲ့။
အဓိ ပတိလမ်းမရဲ့ အရှေ့ဘက်ခြမ်းမှာ စစ် ကိုင်း၊ ပင်းယ၊ အင်းဝ၊ ပဲခူး (လွတ်လပ် ရေးဖခင်ကြီး ဦးအောင်ဆန်းနေခဲ့တဲ့ အဆောင်)။ ပြီးတော့ သထုံ အနောက် ဘက်ခြမ်းမှာ သီရိဆောင်၊ ရွှေဘိုဆောင် နဲ့ ဒဂုန်ဆောင်တွေဟာ ရှေးအဆောင် တွေဖြစ်တယ်။ အခုရှိနေတဲ့ မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူဆောင်တွေနဲ့ အမျိုးသမီးဆောင် နှစ်ဆောင်ဖြစ်တဲ့ ရတနာ (အင်းယားကန်နဲ့ မျက်နှာချင်း ဆိုင်) မာလာ (ပြည်လမ်းနဲ့ မျက်နှာချင်း ဆိုင်)အဆောင်တွေဟာ နောက်မှဆောက် တဲ့ အဆောင်တွေဖြစ်ပါတယ်။
ဖဆပလ အစိုးရ လက်ထက်က ဆောက်ခဲ့တာတွေ ပါ။ ဒီအဆောင်တွေမှာ ဟိုတစ်ခါတုန်း ကတော့ ကျောင်းသား၊ ကျောင်းသူ လူ ငယ်အညွန့်အဖူးတွေရဲ့ ရယ်သံ၊ မောသံ၊ စကားသံ တွေနဲ့ ဆူညံဝေစည်နေခဲ့ပါ တယ်။ အဲဒီအသံတွေဟာ အနာ ဂတ် မြန်မာနိုင်ငံရဲ့အသံတွေဖြစ်ခဲ့ဖူးပါတယ်။ တစ်ခါတုန်းကပါ။
(၄)မောင်နှမ ဆောင်အကြောင်း ပြောပါဦးမယ်။ ကျွန်တော်တို့ ရွှေဘို ဆောင်နဲ့ သီရိဆောင် မောင်နှမတော်ရ တဲ့အကြောင်းတွေ အများကြီးရှိပါလိမ့် မယ်။ အဆောင်ချင်း နီးတော့ အဆောင် သူ၊ အဆောင်သားတွေ ရင်းနှီးခင်မင်ကြ တာ စသည်ဖြင့်ပေါ့။ အဲဒီထဲမှာ အရေး ပါတဲ့ အချက်တစ်ချက်က သီရိဆောင်ရဲ့ S&R သဟာယနဲ့ စာဖတ်သင်း အတွင်း ရေးမှူးဖြစ်တဲ့ “ခင်မေရီ”က ကျွန်တော်နဲ့ သမီးရည်းစားချစ်သူတွေ ဖြစ်နေကြ တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။
(အခု ဖြင့် ကျွန်တော် လည်း အသက် (၇၅)နှစ်၊ ကျွန်တော့်ဇနီး အဘွားကြီး ဒေါ်ခင်မေရီ လည်း(၇၅)နှစ်၊ ကလေးကလား စကား တွေ ပြန်ပြောနေတယ်လို့ အပြစ်တင်ရင် လည်း ခံရမှာပါပဲ။)အဲဒီတုန်းက သီရိ ဆောင်အတွင်းရေးမှူး “နိုင်ငံရေးသိပ္ပံ P.S နဲ့ နိုင်ငံတကာဆက်ဆံရေးပညာ I.R “ဝိဇ္ဇာဒုတိယနှစ်ကျောင်းသူ မခင်မေရီ ဟာ ကျွန်တော်နဲ့ ရည်ငံနေသူဖြစ်ပါ တယ်။
ကျွန်တော့်အနေအထားကို ပြောရဦးမှာပေါ့။ ကျွန်တော်တို့ ရွှေဘို ဆောင်မှာ ကွယ်လွန်သူ တရားရုံးချုပ် ရှေ့နေကြီး ဦးကိုယုနေတယ်။ အဲဒီတုန်း က အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် ပေါ့။ ကျွန်တော်တို့ လူငယ်တစ်သိုက် ဟာ ဦးကိုယုရဲ့ နိုင်ငံရေးရင်ခွင်မှာ ခိုဝင် ကြီးပြင်းခဲ့ကြရတာဖြစ်တယ်။ ကျွန် တော်တို့ သူငယ်ချင်းတစ်စုဟာ အဲဒီ တုန်းက အသက် (၂၀)ဝန်းကျင်ပေါ့။ ပြန်တွက်ရင် နှစ်ပေါင်း (၅၅)နှစ်လောက် ကြာခဲ့ပါပြီ။
ကျွန်တော်တို့ ဦးစီးတဲ့ ရွှေဘိုဆောင်ဟာလည်း နိုင်ငံရေးအရ အလံနီအမာခံအဆောင်တစ်ဆောင်ပဲ။ ကျွန်တော်နဲ့နွှယ်ပြီး ရွှေဘိုဆောင် အတွင်းရေးမှူး မြင့်သိန်း(ဟင်္သာတ)နဲ့ ခင်မေရီနဲ့ကလည်း အလွန်ခင်တဲ့ သူငယ် ချင်းတွေပေါ့။ စောစောကပြောခဲ့တဲ့ “နိုင်ငံရေးသိပ္ပံနဲ့ လူမှုရေးသိပ္ပံ Social Science၊၊ နိုင်ငံတကာဆက်ဆံရေးပညာ International Relation ဆိုတဲ့ ဘာသာ တွဲယူတာချင်းလည်းတူတယ်။ ၁၉၆၂ ခုနှစ် တိုင်းပြည်အပြောင်းအလဲဖြစ်သွား လို့ပေါ့ မဟုတ်ရင် နိုင်ငံရေးသိပ္ပံ နဲ့ IR ယူတဲ့သူတွေအားလုံး သံအမတ်ဖြစ် မလား၊သံမှူးဖြစ်မလား၊ ကောင်စစ် ဝန်ဖြစ်မလား မြင့်သိန်းအမြဲပြော တယ်။
ကျွန်တော့်ဇနီးကလည်း I.R ယူခဲ့တော့ တိုင်းပြည်သာမပျက်ရင် အခုနေကျွန်တော်လည်းသံအမတ်ကြီး ကတော်ဖြစ်များနေမလားမသိဘူး။ ထားပါတော့လေ သူတို့ယူခဲ့တဲ့ I.R အတွဲကလည်း အဲဒီတုန်းက အတော် ပေါ်ပြူလာဖြစ်တယ်။ အမေရိကန် ပြည်ထောင်စု ဂျွန်ဟော့ပ်ကင် John Hopkins တက္ကသိုလ်ကြီးက အမေ ရိကန်ဆရာတွေကိုယ်တိုင် လာသင် ကြတယ်။
ကျွန်တော်မှတ်မိနေတာ အမေရိကန် ပါမောက္ခဒေါက်တာ ဂျွန်ဆင် Johnson ဆိုတဲ့ဆရာကြီးပဲ။ နောက်တစ်ချက်မှတ်မိနေတာက အခုစီးပွားရေးတက္ကသိုလ်အဆောက် အအုံကို ဂျွန်ဟော့ပ်ကင်စင်တာ John Hopkins ဆိုတဲ့ နာမည်နဲ့ လူမှု သိပ္ပံ Social Science ပညာရပ် မဟာ ဌာနအဖြစ်ထားတယ်ဆိုတာ မှတ်မိ နေတယ်။ အင်းလေ တစ်ခါတလေ အတိတ်အကြောင်း ပြန်ပြောင်းတွေး ရတာ ဝမ်းနည်းသလိုလိုနဲ့ ပျော် သလိုလိုနဲ့ အခုလည်း ဘေးထွက် ကုန်ပြီ။
မူလပြောနေတာက ရွှေဘိုနဲ့ သီရိဆောင်မောင်နှမဆောင်အကြောင်း ပြောနေတာပါလား။ တစ်ဆက် တည်းမှာပဲအဆောင် S&R အကြောင်း ပြောခဲ့ပါသေးတယ်။ အဆောင် S&R ရွေးကောက်ပွဲတွေဟာ စိတ် ဝင်စားဖို့ ကောင်းတယ်။ အပြိုင် အဆိုင် အရွေးခံကြတာတွေရှိတယ်။
ဘယ်သူတွေလဲဆိုတော့ အစိုးရ ကျောထောက်နောက်ခံရှိတဲ့ ကျောင်း သားအဖွဲ့နဲ့ အစိုးရကျောထောက် နောက်ခံမရှိတဲ့ (မယူတဲ့) အတိုက် အခံ ကျောင်းသားအဖွဲ့တွေပဲပေါ့။ ကျွန်တော်တို့က အစိုးရ ကျော ထောက်နောက်ခံမယူတဲ့ အတိုက် အခံ ကျောင်းသားအဖွဲ့ကပါပဲ။ SUF လို့ အတိုကောက်ခေါ်တယ်။ ရှေ့အပတ်ဆက်ပါမယ်။ ရင်ထဲမှာ နင့်နေအောင် လွမ်းမိပါတယ်။  
www.yoyarlay.com/index.php/book/book/article/26562-2012-05-29-07-22-43

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif