http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 May 2012

ထိုင်ခုံအမှတ် G-22

Aung San Suu Kyi(၁)
နောက်ဆုံးတွင် ခေါင်းညိတ်လိုက် ပြီဖြစ်သည်။
'ကျမ်းသစ္စာ' ကျိန်ဆိုမည့် စာသား ပြုပြင်ပြီးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) လွှတ်တော် တက်ရောက်မည့် ကိစ္စရပ်မှာ နိုင်ငံတကာ ထိပ်တန်း သံတမန်များ တသီတတန်း လာရောက် နေသော ဧပြီလ၏ နောက်ဆုံးရက်တွင် အဖြေ ထွက်သွားပြီ ဖြစ်သည်။
''အလျှော့ပေးလိုက်တယ်လို့ မြင်ရင်လည်း မြင်နိုင်ပါတယ်။ ပြည်သူ့ ဆန္ဒကို အလျှော့ပေးတယ်။ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒကို အလျှော့ပေး တယ်'' ဟု NLD က လာမည့်ရက်ပိုင်း အတွင်း လွှတ်တော် အသီးသီးသို့ တက်ရောက် ကျမ်းသစ္စာ ဆိုမည့် ကိစ္စကို ကြေညာ သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဖွဲ့ချုပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်။
ဆုံးဖြတ်ချက် ချလိုက်သည့် D-Day က ဧပြီလ ၃၀ ရက်။
ယင်းနေ့ရက် မတိုင်မီက အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ခေါင်းဆောင်သော တိုင်းရင်း သား လွှတ်တော် ကိုယ်စားလှယ်များ၊ တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် များသည် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ပြီး 'ပြည်သူတို့၏ ဆန္ဒနှင့် နိုင်ငံတော် အကျိုးကိုရှေးရှုပြီး အငြင်းပွားဖွယ်ရာ ကိစ္စအခိျု့ကို သဘော ထားကြီးမြင့်စွာ မေတ္တာရှေ့ထား ဖြေရှင်း ဆောင်ရွက်ပေးပြီး လွှတ်တော်သို့ အမြန် ဆုံးတက်ရောက်နိုင်ပါရန်' လက်မှတ်ရေး ထိုးမေတ္တာရပ်ခံစာပေးပို့ခဲ့သည်။
ယင်းနောက် NLD အနေနှင့် ပြည်သူလူထုတို့၏ဆန္ဒကို ထောက်ချင့် ၍သော်လည်းကောင်း၊ တိုင်းရင်းသား မဟာမိတ်များ၏ မေတ္တာရပ်ခံချက်ကို အလေးထားခြင်းဖြင့်သော်လည်းကောင်း၊ ပါတီမှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်းဥပဒေတွင် စာသားများ ပြင်ဆင်ရန် ညှိနှိုင်းခဲ့စဉ်က ဇယား အတွင်းပါရှိသော ကျမ်းကျိန်စာသား ကိစ္စကို ကိုင်တွယ်ရန် လစ်ဟင်းခဲ့ခြင်း ကို တာဝန်ယူခြင်းဖြင့်သော်လည်းကောင်း လွှတ်တော်အတွင်း ဝင်ရောက်၍ ကျမ်းသစ္စာ ဆိုရန် လိုက်လျောလက်ခံခဲ့ခြင်းဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
''ကျွန်မရဲ့ လစ်ဟင်းမှုတစ်ခု ကြောင့်မို့လို့ ပြည်သူရဲ့ဆန္ဒနဲ့ ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒကို ထိပါးတယ်ဆို တာ ကျွန်မလုံးဝမဖြစ်စေချင်ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လွှတ် တော်ကိုယ်စားလှယ်၏ ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသားတွင် အခြေခံဥပဒေ ကို 'ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ...' စာသားအစား 'လေးစား လိုက်နာ ...' ဟု ပြင်ဆင်ပေးမှသာ လွှတ်တော်တက် ရောက်မည်ဖြစ်ကြောင်း NLD က မြန်မာ နှစ်သစ်ကူးသ ကြင်္န်အပြီး ရက်ပေါင်း များစွာကြာပြီးနောက် ထိုသို့ လိုက်လျော ခဲ့ခြင်းဖြစ်သည်။
'နိုင်ငံရေးပြဿနာမဟုတ်။ လုပ် ထုံးလုပ်နည်းပြဿနာဖြစ်သည်' ဟု ဒေါ်အောင်ဆန်းစုကြည်က အလေး အနက်ပြောဆိုခဲ့သော်လည်း ယင်းကိစ္စ သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစ်လျှောက် နိုင်ငံတစ်ဝန်း စိုးရိမ်ရေ မှတ် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိ သွားစေခဲ့သည်။
ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်း ၏ မြန်မာ့ပြည်ထောင်စု လွှတ်တော်တွင် ဗွေဆော်ဦး မိန့်ခွန်းပြောကြားခဲ့သည့် နေ့ရက်၊ ဥရောပ သမဂ္ဂ မူဝါဒရေးရာ အကြီးအကဲ လာရောက်ပြီး ဥရောပ သမဂ္ဂ ရုံးဖွင့်လှစ်အပြီး နှစ်ရက်အကြာတွင် ကျမ်းသစ္စာ ကျိန်ဆိုတော့မည်ဖြစ်ကြောင်း သတင်းစကားကို သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပါတီရုံးချုပ်၌ ရုတ်တရက်ပြုလုပ် ကာ လူထုကို အသိပေးခဲ့သည်။
အဖွဲ့ချုပ်တွင် အနီးကပ်နေထိုင် သော ပါတီဝင်အများအပြားပင် ကြိုတင် သိရှိထားပုံ မပေါ်သေးသော ယင်းဆုံး ဖြတ်ချက်ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုမက တစ်ကမ္ဘာလုံးရှိ သတင်း မီဒီယာများပါ အလုပ်ရှုပ်သွားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ''နိုင်ငံရေး မှာ သဘောထား ကြီးကြီးနဲ့ အပေးအယူ လုပ်ရမယ်'' ဟုဆိုကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီဖြစ်သည်။
(၂)
ထူးခြားစွာပင် ယင်းနေ့က ပြည်သူ့ လွှတ်တော် အစည်းအဝေး ခန်းမ အတွင်းသို့ သတင်းထောက်များ ကနဦး ဝင်ခွင့်မပေးခဲ့။ မူလက များစွာ လွတ်လွတ် လပ်လပ်ရှိသော လွှတ်တော် အတွင်း သတင်း ရယူခွင့်မှာ ယင်းနေ့တွင် အတန် ငယ်ကန့်သတ်မှုများရှိနေသည်။
NLD ၏ D-Day အပြီး နှစ်ရက် အကြာ အလုပ်သမားနေ့ အပြီး နောက် တစ်ရက်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၆ရ နှစ်မြောက် မွေးနေ့သို့ ရောက်ရှိရန် ၅၈ ရက်အလို မေလ ၂ ရက်နေ့တွင် NLD လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။
လွှတ်တော် အစည်းအဝေးများ မစတင်မီ နံနက် ၉ နာရီခွဲခန့်တွင် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် များနှင့် ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်တို့ သီးခြားစီရောက်ရှိလာသည်။ ဒါဇင်ပေါင်းများစွာ အုံခဲနေသောသတင်း ထောက်များ၊ ကင်မရာများကို တစ်လှမ်းချင်း ဖြတ်ကျော်ပြီး မှတ်ပုံတင်ဌာန၊ ထိုမှတစ်ဆင့် လွှတ်တော် အစည်းအဝေးခန်းမ အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားသည်။
လွှတ်တော်ပြင်ပ နိုင်ငံရေးကို တောက်လျှောက် လုပ်ကိုင်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ သည် အနည်းစု လွှတ်တော်ကိုယ်စား လှယ်များအဖြစ် ကျမ်းသစ္စာကျိန်ဆို လိုက်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေး စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း နေအိမ် အကျယ်ချုပ် ဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော ကမ္ဘာ့ အထင်ရှားဆုံး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အဖို့ နောက်ထပ်ခြားနားသော မျက်နှာစာ တစ်ခုကို ဖြတ်သန်းရတော့မည်လည်း ဖြစ်သည်။
''ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ'' ဟု လွှတ်တော်တွင် သတင်းထောက် တစ်ဦး၏ အမေးကို ဖြေဆိုခဲ့သည်။
NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လေးဦးက အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမတွင် လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးက ပြည်သူ့ လွှတ်တော် အစည်းအဝေးခ န်းမတွင် လည်းကောင်း အသီးသီး ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီဖြစ်သည်။
ပြည်သူ့ လွှတ်တော်တွင် ပါတီ အရေအတွက် ၁၈ ပါတီဖြစ်လာပေပြီ။
''သူတို့ကိုလည်း လုပ်ဖော် ကိုင်ဖက်လိုပဲ သဘောထားမယ်။ အများ အကျိုးရှိမယ့် ကိစ္စရပ်တွေကို ပေါင်းလုပ်မယ်ဆိုရင် ဝမ်းသာစရာပေါ့'' ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) ၏ NLD အပေါ် သဘောထားကို ပါတီအထွေထွေအတွင်း ရေးမှူး ဦးဌေးဦးက ပြောဆိုသည်။
''ပြည်သူတွေရဲ့ ရည်မှန်းချက် ကို ၁၀၀ ရာခိုင်နှုန်းအောင်မြင်ဖို့ ကြိုးစားရမယ်'' ဟု ယင်းနေ့ လွှတ်တော် အစည်းအဝေး ပြီးဆုံးသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သတင်း ထောက်များကို ပြောဆိုခဲ့သည်။
ယင်းနေ့ကား တစ်နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော ခပ်နုနု တတိယ အကြိမ်လွှတ်တော်အစည်းအဝေးများ၏ နောက်ဆုံးနေ့။
ပုံမှန်အားဖြင့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို ဧပြီလ ၃၀ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ် သော်လည်း NLD ၏ ကျမ်းသစ္စာကျိန် ဆိုရေး ရုတ်တရက် ကြေညာချက် ကြောင့် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌ များ ညှိနှိုင်းကာ မေလ ၂ ရက်နေ့ကို နောက်ဆုံးအဖြစ် ရွှေ့ဆိုင်းသတ်မှတ်ခဲ့ သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမအတွင်း ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်ခုံနေရာကပ်လျက် နှစ်ဖက်စလုံး တွင် USDP ပါတီကိုယ်စားလှယ်များ တည်ရှိနေသည်။ သူ၏အနောက်ဘက် ထိုင်ခုံနှင့် ညာဘက် မနီးမဝေးတွင်ကား အစိမ်းရောင်၊ မီးခိုရောင်၊ မိုးပြာရောင် ဝတ်စုံ အသီးသီးဖြင့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအထိုင်ယူ ထားသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ တစ်ဦးတည်းသောသမီး။ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ သံတမန် အသိုင်းအဝိုင်းသို့ ရောက်ရှိ လာသော ကျစ်ဆံမြီးတုတ်တုတ်ရှည်ရှည်
နှင့် ဆယ်ကျော်သက် ကျောင်းသူ။ အောက်စ်ဖို့ဒ် တက္ကသိုလ်ကျောင်းသူ။ အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့တော်ရောက် ကုလသမဂ္ဂ ဝန်ထမ်း။ ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်နှင့် ဘူတန် ရောက် အိမ်ရှင်မ။ ကျိုတိုရောက် သုတေသီပညာသင်။ ထို့နောက် ၁၉၈၈ ခုနှစ်တွင် မိခင် နာမကျန်းဖြစ်စဉ် ခေတ္တ ပြန်လာချိန်မှစ၍ မြန်မာ့ နိုင်ငံရေး လောကအတွင်း ဒေါ်အောင်ဆန်းစုကြည် အချိန်ပြည့်ရောက်ရှိသွားသည်။
ယင်းအချိန် နေအိမ် အကျယ်ချုပ် ဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်ပြီး နောက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ် မှောက်၊ နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ကာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရောက် ရှိလာပြီဖြစ်သည်။
၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ထုတ် The Times သတင်းစာ ပါ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က သူ၏နိုင်ငံရေး သမားဘဝနှင့်ပတ်သက်၍ အောက်ပါ အတိုင်း ဖြေဆိုခဲ့သည်။
''နိုင်ငံရေးထဲမှာ နစ်မွန်းနေရတဲ့ ဘဝမျိုးဟာ ကျွန်မအတွက် မက်ဖွယ်ရာ မဟုတ်ပါဘူး''
သို့သော် ယင်းအချိန်မှစ၍ မြန်မာ နိုင်ငံ ဒီမိုကရေစီအရေး ဇောက်ချဆောင် ရွက်ခဲ့သော နိုင်ငံရေးသမားဘဝသို့ ရောက်ရှိသွားပြီး ယခင်တပ်မတော် အစိုးရ တတိယအကြီးအကဲဖြစ်ခဲ့သူ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာဆိုလိုက်ပြီဖြစ်သည်။
သူ၏လွှတ်တော်ကိုယ်စားလှယ် မဲပေးကတ်ပြားအမှတ်က ၃၃၂၊ ထိုင်ခုံ အမှတ် G-22 ။
ကိုးကား - အောင်ဆန်းစုကြည် ရေးသားပြီး ဒေါက်တာအောင်ခင် မြန်မာ ပြန်သော 'ကြောက်ရွံ့ခြင်းမှ လွတ် ကင်းရေး' 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif