http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Nov 2012

အိန္ဒိယက လက်ဆောင် ကောင်းကောင်း ယူခဲ့ပါ



 အိန္ဒိယနိုင်ငံ ဂန္ဓီလေဆိပ်သို့ ဆိုက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- ဇာနည်မာန်/ ဧရာဝတီ)
နိုဝင်ဘာ ၁၃ရက် (အင်္ဂါနေ့) မှာအိန္ဒိ္ဒယမြေပေါ်ခြေချခဲ့ တာဒေါ်အောင်ဆန်းစုကြည်အတွက် အတိတ် ကောင်း နမိတ်ကောင်းနဲ့ လာခြင်းကောင်းတဲ့ခရီးလို့ ဆိုရမယ်။ 

နှလုံး၊ လက်ရုန်းနဲ့ယှဉ်ပြိုင်ဘက် ရာဝဏကိုအောင်ပွဲခံပြီးသီဟိုရ်ကျွန်းကအပြန် ရာမနဲ့လက္ခဏာ ညီနောင်တို့ သီတာဒေ၀ီနဲ့ အတူပြည်တော်အ၀င်မှာ၊ တိုင်းသူပြည်သားတွေက နံ့သာဆီမီးတွေထွန်းညှိ ကြိုဆိုတဲ့ အိန္ဒိယရဲ့ ဒီဝါလီမီးထွန်းပွဲတော်နေ့နဲ့ တိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။ 

အဲဒီနေ့ဟာအိန္ဒိယပြည်သူတွေအဖို့၊ ရန်အပေါင်းနဲ့မကောင်းမှု အစုစုကိုအောင်မြင်ကျော်လွှားနိုင်တဲ့ အတိတ်နမိတ်လည်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ငယ်ငယ်က ပညာနို့ရည်စို့ခဲ့တဲ့ နေရာဟောင်းကို အနှစ် (၄၀) ကျော်ကြာပြီးမှ မြန်မာပြည်သူတွေရဲ့ ခါင်းဆောင်အဖြစ်ရော၊ ကမ္ဘာ့ ခေါင်းဆောင် တယောက်အနေနဲ့ရော၊ ဒီမိုကရေစီသူရဲကောင်း တယောက်အနေနဲ့ရော ထပ်မံခြေဦး လှည့်ခွင့်ကြုံရတာပါ။ 

ဒါဟာလွန်ခဲ့တဲ့ နှစ်၂၀ ကျော်လုံးလုံး သူ့ အပေါ်အညှိုးကြီးခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှုးကြီး ကို ကောဇော နီခင်း ကြိုဆိုခဲ့ရတဲ့ ခရီးစဉ်နဲ့ အနှစ်သာရနဲ့တော့ အတော်လေးကွဲပြားမယ်ထင်ပါတယ်။ 

ကျနော်တို့ နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၆၀၀ ကျော်လောက်ကတည်းက အိန္ဒိယထံက တန်ဘိုး မဖြတ်နိုင်တဲ့ လက်ဆောင်ကိုရရှိခဲ့တယ်။ တဖုဿ နဲ့ဘလ္လိကကုန်သည် ညီနောင်၊ ဂေါတမ္မဗုဒ္ဓထံက အလှုခံခဲ့တဲ့ ဆံတော် ၈ ဆူ ဟာ မြန်မာပြည်သူတွေ အဖို့ အိန္ဒိယဆီကရလိုက်တဲ့ (သမိုင်းအရ၊ဘာသာရေးအရ၊ ၀ါဒ အတွေး အခေါ် အရ) မျိုးဆက်အလိုက် တန်ဘိုးမဖြတ်နိုင်တဲ့ ပျောက်လည်း မပျောက်ပျက်နိုင်တဲ့ ဧရာမ လက်ဆောင်ကြီးဖြစ်ပါတယ်။

ဒီကနေ့ ရွေရောင်ဝင်းဝင်း ရွှေတိဂုံရဲ့ သမိုင်းအစဟာ… အိန္ဒိယ-မြန်မာ ဆက်ဆံရေးနိဒါန်းကို လှလှပပ 
ဖော်ညွှန်းနေပါတယ်။

မြန်မာ့ သမိုင်းအစလို့ ပြောရမယ့် ပုဂံခေတ် (၁၁ ရာစု) စာပေအက္ခရာနဲ့ အနုပညာသာမက လောကဓာတ် ပညာအတော်များများ အိန္ဒိယကရခဲ့တဲ့ လက်ဆောင်တွေပါ။

အနောက်ဘင်္ဂလား ပြည်နယ်အပါအ၀င်၊ အိန္ဒိယတောင်ပိုင်း၊ သြရိဿပြည်နယ် (Orissa)၊ တမီလ်နာဒူး 
ပြည်နယ်၊ အင်န်ဒရာပရာဒါခ်ျစတဲ့ ဘင်္ဂလား ပင်လယ်ကမ်းမြှောင်ဒေသတွေဟာ ရာစုနှစ်ပေါင်းမြားစွာ ကတည်းက မြန်မာနဲ့ရေလမ်း ကုန်သွယ်ရေးအရ ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။

ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်နဲ့ မြန်မာ့ နောက်ဆုံးမင်းဆက် သီပေါဘုရင် အထိ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာကို သံတမန်နဲ့ မင်းမှုထမ်းတွေ စေလွတ်ပြီး အလှူအတန်းနဲ့ သာသနာအရေးကိစ္စတွေ မပြတ်ခဲ့ပါဘူး။

ဒီနေ့အထိ ဗုဒ္ဓဂါယာမှာ မင်းတုန်းမင်းကျောက်စာတိုင်နဲ့ ပြုပြင်ထိမ်းသိမ်းမှု မရှိတဲ့သိမ်၊ ဇရပ်ပျက်တွေမြင်နိုင်ပါတယ်။ ဗြိတိသျှ ကိုလိုနီခေတ် တလျှောက်လုံး အိန္ဒိယနဲ့မြန်မာ နှစ်ပြည့်တပြည်နေခဲ့ ရတယ်။

မြေလွတ်မြေရိုင်း တွေ တူးဆွပြီးမြေယာသစ်တွေ ဖော်ထုတ်ဖို့ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ အနောက် ဘင်္ဂလား ပြည်နယ်က အင်ဒီယန်းတွေထောင်နဲ့ ချီပြီးမြန်မာပြည်ကို ရောက်လာခဲ့တယ်။

ဒီကနေ့အထိ ပဲခူးတိုင်းဖြူးမြို့နယ်၊ ကျောက်တံခါးမြိုနယ်၊ ညောင်လေးပင်နဲ့ တောင်ငူခရိုင် အတွင်း အင်ဒီယန်း လူမျိုးတွေ စုစည်းနေထိုင်တဲ့ ကျေးလက်တော်တော် များများ (အိန္ဒိယနာမည်တွေနဲ့) ရှိနေပါတယ်။ 

ရှေးမှီနောက်မှီလူကြီးတွေပြောလို့ မှတ်မိနေတာတခုရှိပါတယ်။ အိန္ဒိယက မဟာရာဂျာ (သာဂီနွယ်ဝင် သူဌေး) တယောက် အခုဖြူးမြို့နယ် ဇေယျဝတီ သကြားစက်ထောင်ဖို့ စက်ရုံအလုပ်သမားနဲ့ ၊ကြံတောင်သူ လယ်သမားတွေလိုတာကြောင်း ဘီဟာပြည်နယ်မှာ အိန္ဒိယသားတွေကို စီစစ်ခေါ်ယူပါတယ်။

အလုပ်သမားရွေးပုံက ဆန်းတယ်။ အလုပ်သမားရွေးချယ်သူက တန်းစီနေတဲ့ အလုပ်သမားတွေကို၊ လက်ချောင်း ၄ ချောင်း ထောင်ပြပြီး “ဒါဘယ်နှစ်ချောင်းလဲ”လို့ မေးသတဲ့။ တန်းစီနေသူတွေက ၄ ချောင်းလို့ အမှန်အတိုင်းဖြေနိုင်ရင် သူ့ ကို ဗမာပြည်ခေါ်မသွားတော့ဘူး။

ဒီကောင်..စာနည်းနည်းတတ်တယ် ဆိုပြီးချန်ထားခဲ့သတဲ့။ ခေတ်အခြေအနေက အဲဒီလို။ ဒါပေမယ့် တချိန်က ဆရာဝန်၊ အင်ဂျင်နီယာ၊ ရုံးအမှုထမ်း၊ ဆက်သွယ်ရေးအရာရှိတော်တော်များများဟာ အိန္ဒိယ တိုင်းသား ပညာတတ်တွေဖြစ်ကြတယ်။ 

မြန်မာပြည်က ပညာတတ်ကြေးရတတ်တွေဟာ အိန္ဒိယနိုင်ငံ၊ ကလက္ကတ္တားတက္ကသိုလ်မှာ သွားရောက် ပညာသင်ရပါတယ်။ 

ဝံသာနုခေတ်တလျောက်လုံး အိန္ဒိယလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တိလပ်၊ မဟတ္တမဂန္ဓီတို့လို အမျိုးသားရေး ၀ါဒီတွေဆီက နယ်ချဲ့အစိုးရကို အံတုတိုက်ပွဲဝင်တဲ့ နည်းဗျူဟာတွေရခဲ့တယ်။

အင်္ဂလိပ်နာမည်ပါလို့ လိပ်ခွံဘီးတွေ ချိုးဖျက်ဆန္ဒပြတာ၊ ရိုးရာဖြစ်အားပေးတဲ့ ဖျင်ပင်နီယဉ်ကျေးမှုဟာ အိန္ဒိယ ကွန်ဂရက်ပါတီရဲ့ ၀ံသာနုတိုက်ပွဲ ဂယက်တွေဖြစ်ပါတယ်။ 

အိန္ဒိယကွန်ဂရက်ခေါင်းဆောင် ဂျဝါဟာလာနေရူးကိုယ်တိုင် မြန်မာ့ လွတ်လပ်ရေးအတွက် စိတ်ဓာတ် တက်ကြွနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုနုတို့လို လူငယ်တွေကို တချိန်မှာ အာရှခေါင်းဆောင်တွေ အထိရည်မှန်းချက်ထားပြီး စိတ်ပိုင်းရုပ်ပိုင်းအားပေးမြှင့်တင်ခဲ့တယ်။

နယ်ချဲ့လွတ်မြောက်ရေးတိုက်ပွဲအတွက် အားပေးထောက်ပံ့ခဲ့တယ်။ ချမ်းစိမ့်လွန်းတဲ့လန်ဒန်ကို သွားပြီး လွတ်လပ်ရေးအကြို အောင်ဆန်း-အက်တလီစာချုပ်ချုပ်မယ် ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂျဝါဟာလာ နေရူးရဲ့ ခန့်ငြားထည်ဝါတဲ့ ကုပ်အကျီင်္ရှည်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်အတွက် အကောင်းဆုံး သမိုင်းဝင် လက်ဆောင်တခုဖြစ်ခဲ့ပါတယ်။

အဲဒီ ကုတ်အကျီကြီးနဲ့ ရိုက်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခန့်ငြားထည်ဝါတဲ့ ဓာတ်ပုံနောက်ကွယ်မှာ တရံတခါက ၂ နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့နွေးထွေးတဲ့ မိသားစုစိတ်ဓာတ်နဲ့ ချစ်ကြည်ရင်းနှီးမှု အငွေ့အသက် တွေ ရှိနေပါတယ်။ 

လွတ်လပ်ရေးရပြီးစ ရောင်စုံသူပုန်တွေ ထပြီး တိုင်းပြည် အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်နေချိန် ၀န်ကြီးချုပ် ဦးနု အတွက် အိန္ဒိယ ခေါင်းဆောင်ကြီး နေရူးရဲ့ လက်နက်ခဲယမ်း မီးကျောက်လက်ဆောင်ဟာ အင်းစိန် အစိုးရ အဆင့် ရောက်နေတဲ့ ဘ၀ကနေကယ်တင်ပေးခဲ့တယ်။

မိတ်ဆွေစစ်တွေအဖြစ် သမိုင်းအစဉ်လာကောင်းတွေ ရှိခဲ့တဲ့ အိမ်နီးချင်း၂ နိုင်ငံ ဆက်ဆံရေးဟာလွန်ခဲ့တဲ့ ရာစုနှစ် တ၀က်လောက်မှာတော့ အဖုအထစ်၊ အကောက်အကွေ့တွေနဲ့ အရုပ်ဆိုးခဲ့ပါတယ်။

၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူပိုင်သိမ်းရာမှာ အိန္ဒိယအနွယ်ဝင်တွေကို ကံဆိုး မိုးမှောင်ကျစေခဲ့တယ်။

အိန္ဒိယခေါင်းဆောင်ကြီးနေရူးရဲ့ သမီး အင်ဒရာဂန္ဒီ ၀န်ကြီးချုပ်ဖြစ်တော့ မြန်မာပြည်က အိန္ဒိယ အနွယ်တွေရဲ့ မေတ္တာရပ်ခံမှုနဲ့ အိန္ဒိယကိုဒုက္ခသည် ပြန်လည်ခေါ်ယူရေး အစီအမံနဲ့သဘောင်္ကြီးတွေစေလွတ်ပြီး စရိတ်ခံပြန်ခေါ်ခဲ့တယ်။

၁၉၆၄ လောက်က ပဲခူးတိုင်းက အိန္ဒိယအနွယ်တွေ ထောင်နဲ့ချီပြီး အစုလိုက်အပြုံလိုက် သံသေတ္တာတွေ၊ ထင်းရူးသေတ္တာတွေ အထုတ်အပိုးတွေ ထမ်းပြီးအိန္ဒိယပြန်ကြတာ ကျနော်တို့ ငယ်ငယ်ကမြင်ခဲ့တယ်။

ရန်ကုန်က အထူးပြေးဆွဲပေးတဲ့ လော်ကယ် မီးရထားပေါ်မှာ ငပိသိတ်၊ ငချဉ်သိတ် ပြူတင်းဝမှာ တိုးလို့ တွဲလောင်း၊ ရထားခေါင်မိုးပေါ်ပါ မကျန်ကြပ်ညှပ် လိုက်ပါသွားတဲ့ အိန္ဒိယတိုင်းသားတွေရဲ့ မြင်ကွင်းကို မမေ့သေးပါဖူး။

ရန်ကုန်ဆိပ်ကမ်းကနေ“မိုဟန်မဒီ”ဆိုတဲ့ သဘောင်္ကြီးနဲ့ နယ်မြေသစ်ကို အခြေချမယ့် အိန္ဒိယလူမျိုးတွေကို သယ်ဆောင်ပြီး နယူးဒေလီ၊ မဒရပ်စ်၊ ဘုံဘေ၊ ကလကတ္တားအရပ်မှာ ဘားမားကိုလိုနီဆိုပြီး ကွက်သစ်တွေ 
ပေးခဲ့တယ်။

ကျနော်တို့ မြန်မာကျောင်းသားတချို့ ၁၉၉၁ မှာ နယူးဒေလီ ရောက်တော့ ဂျနတ်ပူရီဆိုတဲ့ ဒေလီ အနောက်ပိုင်း ရပ်ကွက်မှာ မြန်မာပြည်ဘွား အိန္ဒိယတွေနဲ့ပြန်ဆုံခဲ့တယ်။

ဟိန္ဒူစကား မတတ်တဲ့ ကျနော်တို့ကို အိမ်ငှားပေး၊ ဈေးဝယ်ပေး၊ ဟင်းချက်ပေး၊ အ၀တ်အစားတွေ၊ ပရိဘောဂတွေကအစ လာရောက်ပေးကမ်းကြတယ်။

သူတို့ဟာ မြန်မာပြည်ကို မမေ့ကြဘူး။ ဒီမိုကရေစီရရင် ငါတို့ဗမာပြည်ပြန်မယ်ဆိုတဲ့ မျော်လင့်ချက် တွေ တောင် ရှိနေသေးတယ်။ ရန်ကုန်က အမကြီးတယောက်ဆို “ကျမတို့ကို ဗမာပြည်မှာကျတော့ ကုလား၊ ကုလားလို့ ခေါ်တယ်၊ ဒီကုလားပြည်ရောက်တော့လည်း ဗမာတွေ၊ ဗမာတွေဆိုပြီးခေါ်ပြန်တယ်၊ ကျမတို့ ကိုယ့်ကိုယ်ကို ဘာလူမျိုးမှန်းတောင် မသိတော့ပါဘူး”လို့ ပြောတာသတိရတယ်။ 

အသက် ၇၀ လောက်ရှိတဲ့ အဖွားအို တယောက်ဟာကြိုးကုတင်လေးမှာ မနက်တိုင်းလျောင်းပြီး နေပူစာ လှုံတာကို ကျနော်တို့နေ့တိုင်းတွေ့တယ်၊တွေ့တိုင်းလည်း၊ “ဟေ့ကောင်လေးတွေ.. မင်းတို့ဗမာပြည် မပြန်သေးဘူးလား..ပြန်ရင် ငါ့ကိုပြောနော်..ငါလည်း လိုက်မယ်”လို့ပြောလေ့ရှိတယ်။

ကျနော်တို့ကလည်း“ပြန်မှာသိတ်မကြာဖူး”“ပြန်တော့မှာ သိပ် မကြာတော့ဖူး”လို့ အမြဲဖြေနေကျ။ အခုတော့ အဲဒီ အဖွားကြီးကိုလည်း မတွေ့ရတော့ဖူး၊ ကျနော်တို့လည်း အိမ်မပြန်နိုင်သေးဖူး။

မြန်မာပြည်ပြန် အိန္ဒိယလူမျိုးတွေထံ ကနွေးထွေးတဲ့ မေတ္တာနဲ့နေဖို့၊ စားဘို့၊ ၀တ်ဖို့လက်ဆောင်တွေ ရခဲ့ပေမယ့် ကျနော်တို့ကတော့ ခုထိဘာမှ ကျေးဇူးမတုံ့ပြန်နိုင်သေးပါဖူး။ 

၁၉၈၈ ဟာ အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေး သမိုင်းအစဉ်အလာကောင်းတွေကို အစပြုစိန်ခေါ်မှုဘဲ လို့ ပြောရမှာပါ။ နောက်ပိုင်း အိန္ဒိယအစိုးရ (ဘီဂျေပီပါတီ)ရဲ့ အကြံပေးပညာရှင်တွေထဲက တဦးလည်းဖြစ်တဲ့ ဒေါက်တာ အိုင်ပီဆင်းန်ဟာ ၁၉၈၈ အရေးအခင်းကာလက ရန်ကုန်အခြေစိုက် အိန္ဒိယသံအမတ်ကြီး တာဝန်ယူခဲ့သူပါ။

သူကိုယ်တိုင် စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ဆန္ဒပြကျောင်းသားတွေ၊ ရဟန်းသံဃာတွေ ထိမှန်သေဆုံး ခဲ့တာ မျက်မြင်တွေ့ခဲ့သူမို့ သံအမတ်အဖြစ်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်း နယူးဒေလီမှာပြုလုပ်လေ့ရှိတဲ့ မြန်မာ့အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ မှာ “မြန်မာ့ဒီမိုကရေစီရေးဟာ တနေ့အောင်ပွဲခံမှာဖြစ်တယ်၊ မြန်မာတွေဟာ ဗုဒ္ဓ၀ါဒီတွေပီပီ တရားဓမ္မနဲ့ညီတဲ့ ခေါင်းဆောင်ကို တန်ဘိုးထား တယ်၊ပြည်သူ အားလုံးဟာ ဒီမိုကရေစီကို လိုလားတယ်၊ အောင်ဆန်းစုကြည် ဆိုတဲ့ ခေါင်းဆောင်ကောင်း တယောက် လည်း ရှိနေတယ်၊ ခေါင်းဆောင်နဲ့ပြည်သူတွေ ဆုံစည်းကျတဲ့ နေ့ ဟာအောင်ပွဲဘဲဖြစ်တယ်” လို့ ကောက်ချက်ချဖူးတယ်။

၁၉၈၈ ဒီမိုကရေစီတော်လှန်ရေးအစမှာ ဂျဝါဟာလာနေရူးရဲ့ မြေး ရာဂျစ်ဂန္ဒီ၀န်ကြီးချုပ်ဖြစ်နေ တယ်။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အိန္ဒိယက ထောက်ခံ အားပေးသွားမယ်လို့ ပထမဆုံး နိုင်ငံတကာကို လူသိရှင်ကြားကြေငြာခဲ့တယ်။

မြန်မာ ဒုက္ခသည်တွေကို ကြိုဆို လက်ခံခဲ့တယ်။ ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အမျိုးသား ညွန့်ပေါင်း အစိုးရ အပါအ၀င် ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့ (DAB)ကို ငွေကြေးထောက်ပံ့ ကူညီတယ်။ 

နယူးဒေလီ အခြေစိုက်အောလ်အင်ဒီးယား ရေဒီယို ကနေမြန်မာ့ ဒီမိုကရေစီ ရေးရာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင်အသံလွှင့်လာတယ်။

ဒါပေမယ့် ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီ လုပ်ကြံခံရပြီး နောက်ပိုင်းက စလို့ ၁၉၉၃ လောက်မှာ အိန္ဒိယက မြန်မာအပေါ်ထားတဲ့ နိုင်ငံခြားရေးမူ ၀ါဒကိုပြန်လည် သုံးသပ်လာပါတယ်။ 

မြန်မာပြည်သူတွေအတွက် ကံကောင်းခြင်း လက်ဆောင်တွေ ရုပ်သိမ်းသွားပြီလား လို့ မေးခွန်း ထုတ်ရမယ့် ကာလတွေ နိဒါန်းစလာပါတယ်။

တကယ်တော့ အဲဒီနှစ်ပိုင်းတွေမှာ ပြည်တွင်းမှာ စစ်အစိုးရက အတိုက်အခံ မှန်သမျှ ခေါင်း မထောင် နိုင်အောင် ဦးချိုးနေချိန်ဖြစ်သလို၊ မြန်မာ စစ်အစိုးရကို ဒါဏ်ခတ်ပိတ်ဆို့ဘို့၊ အရေးယူဘို့ ကျယ် ကျယ်လောင်လောင်အော်တာက အမေရိကန်နဲ့ ဥရောပ အစိုးရတွေသာ ဖြစ်ပြီး တရုတ်နဲ့ အာဆီယံက မြန်မာနဲ့ ပေါင်းပြီး စီးပွားရေး အမြတ်ထုတ်နေခဲ့ပါတယ်။

အိန္ဒိယ အနေအထားပြန်ကြည့်တော့.. ဘီစီ ၂၀၀ ကျော် ဗုဒ္ဓသြဇာ အားကောင်းနေစဉ် အိန္ဒိယဟာ အရှေ့ တောင် အာရှ တခုလုံးမှာ ဂုဏ်သိက္ခာ ထည်ထည်ဝါ၀ါ ရှိခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် အပြီးစစ်အေးခေတ်ကာလ တလျောက်လုံး ဆိုဗီယက် ရုရှားနဲ့ မျက်နှာမူ အားယူပြီး 
တောင် အာရှအတွင်း သြဇာတည်ဆောက်ခဲ့ပါတယ်။ ဆိုဗီယက် ယူနီယံကြီးပြိုကွဲပြီးနောက် သူနဲ့ ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ဘင်္ဂလားဒေခ်ျ့၊ သီရိလင်္ကာနိုင်ငံတွေ မှာပြည်တွင်းရေး မတည်ငြိမ်သလို၊ မိမိ(အိန္ဒိယ)နဲ့လည်း ဆက်ဆံရေးကောင်း လှတာမဟုတ်။ 

ဒီကြားထဲ မြန်မာနဲ့ ကပ်နေတဲ့အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေ (နာဂလင့်၊မဏိပူရ၊အာသံ၊တြီပူရ) မှာလည်းပြည်နယ် ခွဲထွက်ရေး လှုပ်ရှားသူတွေရန်က ကြီးမားနေတာကြောင့် မြန်မာကို နောက်ထပ်ရန်သူ အသစ်အဖြစ် ထပ်မမွေးလိုဘူးဆိုတဲ့အတွေးအခေါ်မျိုးရှိနေပါတယ်။

စီးပွားရေးအရကြည့်မယ်ဆိုရင်လည်း ပြိုင်ဘက် အင်အားကြီး တရုတ်က မြန်မာအပါအ၀င် အရှေ့ တောင် အာရှ တခုလုံးမှာသြဇာလွှမ်းနေပြီးဖြစ်နေတယ်။ ၁၉၉၄ခုနှစ်အိန္ဒိယရဲ့ အရှေ့မျော်မူဝါဒ (Look East Policy) ချမှတ်ချိန် အိန္ဒိယ ရဲဟ တရုတ် ထက်ခြေလှမ်းတော်တော်နောက်ကျနေပါပြီ။ အရှေ့ တောင်အာရှကို ဆက်သွယ်ဖို့မြန်မာဟာတခါးပေါက်ဖြစ်နေပါတယ်။

ဒီအတွက် အိန္ဒိယကမိုးရေး၊ တမူး၊ ကလေးဝချစ်ကြည်ရေး လမ်းမကြီးဖောက်လုပ်ပေးရသလို အရှေ့တောင် အာရှ ကုန်းလမ်းကြောင်းအတွက်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေးလမ်း ကို ၂၀၁၆ မှာ အပြီးသပ်ဖောက်ဖို့ လျာထားပါတယ်။

တဖက်မှာလည်း အာဏာရစစ်အစိုးရနဲ့ အဆင်ပြေသလို ဆက်ဆံနေရတော့မြန်မာ့ ဒီမိုကရေစီရေး အပေါ် ပျက်ကွက်လာပါတယ်။

အိန္ဒိယမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို သာမန်ဒုက္ခသည် အဆင့်လို ဆက်ဆံပြီး အစိုးရတရပ် အနေနဲ့ အားပေး ကူညီမှု မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၉၈၈ ကတည်းက အိန္ဒိယ အစိုးရရဲ့ နိုင်ငံရေး အထောက်အပံ့ကို မျော်လင့်ပြီး နယူးဒေလီမှာ နေထိုင်လှုပ်ရှားနေတဲ့ ABSDF ကျောင်း သားတပ်မတော် (အနောက်ဖက်ဒေသ) နိုင်ငံခြားရေး တာဝန်ခံ ကိုဇင်နိုင်က

“ မြန်မာတွေက အိန္ဒိယကို မကောင်းမြင်တဲ့ ပုံရိပ်မျိုးမရှိပေမယ့် ထပ်ပြီးကောင်းမလာတာကိုတော့ သိသွားခဲ့တယ်။ ပြည်သူတွေဘက်က မကူတာနဲ့ဖိနှိပ်တဲ့ အစိုးရဘက် ယိမ်းသွားပြီလို့ မြင်သွားခဲ့ တယ်။

မြန်မာပြည်သူတွေ ကိုယ်တိုင်လည်းအ ထင်မကြီးတော့ဖူးး၊ ဒါဟာ အိန္ဒိယအတွက် သိပ်ကာင်းမယ့် နမိတ် တော့ မဟုတ်ဖူး ဒီအတွက် အိန္ဒိယက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ တခုခုပြန်ပေးဆပ်ဖို့ စဉ်းစား ရတော့မယ်”လို့ ဆိုတယ်။

တကယ်တော့ အိန္ဒိယဟာမြန်မာပြည်သူတွေ တကယ်တမ်းလိုအပ်ခဲ့တဲ့ အကူအညီတွေကို လိုက်လျော ညီထွေအောင် မပေးနိုင်ခဲ့ပါဖူး။ 

၈၈ နောက်ပိုင်း ထင်သာမြင်သာတဲ့ အပြောင်းအလဲမျိုးရှိတဲ့ လက်ဆောင်ကောင်းလေး မြန်မာပြည်သူတွေ အတွက်မပေးနိုင်ခဲ့ပါဖူး။ တခါတုံးက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရာဇ၀င်ထဲ ချန်ရစ်ခဲ့လေပြီလို့ပဲ ပြောရတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်မီ အိန္ဒိယအခြေစိုက်The Hindu သတင်းစာရဲ့ အင်တာဗျူးတခုမှာ “၂ နိုင်ငံ အကြား ရှင်းလင်းပြတ်သားတဲ့ တရားဝင် ဆက်ဆံရေးတွေက ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို ချောမွေ့စေလိမ့်မယ်၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အိန္ဒိယဟာအစိုးရနဲ့ အတိုက်အခံတွေကြား၊ ပြဿနာတွေ တခါတရံရှိနေလိမ့်မယ်ဆိုတာ ကျမနားလည်ပါတယ် ၊ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အစပြု တည်ထောင်နေပြီမို့ တင်းမာတဲ့ ပြဿနာတွေကိုလျော့ပါးစေဖို့ နှစ်ဘက်စလုံးက တစိတ်တ၀မ်းထဲထားဆုံးဖြတ်ဆောင်ရွက် မယ့်ဆန္ဒရှိရမှာဖြစ်တယ်”လို့ပြောသွားတယ်။ 

ပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မှန်ကန်၊ဖြောင့်မတ်မှုရှိဖို့ လိုအပ်သလို လမ်းကြောင်းမှန်နဲ့ လုပ်ကိုင် ရင်းနှီးမြှုပ်နှံဖို့ လိုတယ်လို့လဲ သတိပေးသွားတယ်။

ပြီးတော့“သိတ်ပြီး အကောင်းမြင်လွန်ကဲတာ မဖြစ်ဘို့လိုတယ်၊ တချိန်ထဲမှာ လိုအပ်တာတွေကို တိုက်တွန်း အားပေးနေဖို့လည်းလိုတယ်၊ အကောင်းမြင်လွန်းရင် အမှားတွေကို လျစ်လျူရှုသလိုဖြစ်တတ်တယ်၊ မမှန် မကန်တာတွေကို လျစ်လျူရှုလိုက်မယ်ဆိုလည်း အမှားတွေကနေ အဆိုးတွေဖြစ်လာနိုင်တယ်၊ မှားပြီးရင်းမှားသွားမယ်။ ကျမကတော့ မိတ်ဆွေကောင်းဆိုတာ တခါတလေတော့လည်း ခေါင်းမာရမယ်။ မလုပ် ထိုက် မလုပ်အပ်တာနဲ့ပတ်သက်ပြီးတော့ပြောသင့်ပြောရမယ်”လို့ အိန္ဒိယကမြန်မာအပေါ် ရပ်တည်စေ လိုတဲ့ သဘောထားကိုရှင်းရှင်းလင်းလင်းပြောခဲ့တယ်။

 “အစိုးရဆိုတာ တဆက်ပြီးတဆက်ပြောင်းသွားမှာပဲ၊ ပြည်သူတွေက ဆက်လက် တည်ရှိနေမှာဖြစ်တယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်းဆိုတာ ထာဝရရှိနေမှာပဲ” လို့ အစိုးရချင်း ဆက်ဆံရေးထက် ပြည်သူပြည်သူချင်း ဆက်ဆံရေးကသာ အခြေခိုင်တာကိုထောက်ပြခဲ့တယ်။

အိန္ဒိယ-မြန်မာ ဆက်ဆံရေး သမိုင်းတလျောက်လုံးဟာ မိသားစုလို စိတ်စေတနာကို အခြေခံပြီးလွတ်လပ်မှု၊ ချစ်ကြည်ရင်းနှီးမှုကို ပြည်သူတွေပေါ်မှာ အခြေခံ တည်ဆောက်သွားတာပဲ တွေ့ရလိမ့်မယ်။

နှစ်ပေါင်း ၅၀ လောက် ဆက်ဆံရေးကြဲခဲ့တဲ့ အိန္ဒိယထံကနေ ဒေါ်အောင်ဆန်းစုကြည် တယောက် သူတို့ အတွက် လက်တွေ့ကျတဲ့ လက်ဆောင်ကောင်းကောင်းလေး ပါလာလိမ့်မယ် လို့ ပြည်သူတွေက မျှော်လင့်နေပါတယ်။ 



0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif