အင်းယားကန်ဟော်တယ်တွင် ယနေ့နံနက်က ကျင်းပတဲ့   IRRAWADDY LITERARY FESTIVAL မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- NLD 
လင်းသန့် ~
ကချင်ပြည်နယ်တွင်း အစိုးရ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်များ အကြား လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခ စစ်ပွဲတွေ အဆုံးသတ်ရေး ကြားဝင်ကူညီပေးရေးဟာ အစိုးရဘက်က လိုလား ထောက်ခံမှု မရှိဘဲ သူ့အနေနဲ့ ၀င်ရောက်ကူညီခွင့်ရမှာ မဟုတ်ဘူးလို့ ဒီကနေ့ ဇန်န၀ါရီလ ၆ ရက်နေ့မှာ မြန်မာ့ ဒီမိုကရေစီ 
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ 
“ဒီကိစ္စက အစိုးရ အပေါ်ဘဲ မူတည်ပါတယ်။ ဒီအချိန်မှာ အစိုးရက ဒီကိစ္စကို ကိုင်တွယ်နေပါတယ်”လို့ ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုတွေကို နိုင်ငံတကာက စိုးရိမ်နေပြီး ရပ်တန့်ဖို့ တိုက်တွန်းပြောဆိုနေ ချိန် အဆိုပါ ပဋိပက္ခတွေ အဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုပါဝင်အားထုတ် ကူညီမလဲ ဆိုတဲ့ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တနင်္ဂနွေနေ့မှာ AFP ကို ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်ပါတယ်။ 
ကျယ်ကျယ်ပြန့်ပြန့်ချီးမွမ်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေပုံပေါ်လာဖို့ ပြည်တွင်း စစ်မီး အမြန်ဆုံး ရပ်စဲရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ၀င်ရောက်ကြားဝင်စေ့စပ်ဖို့ဆိုတာ တရားဝင် ဖိတ်ကြားခံရမှု ရှိဖို့လိုတယ်လို့လည်း နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောပါတယ်။ 
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးလည်းဖြစ် စီးပွားရေး လုပ်ငန်းရှင် တဦးလည်းဖြစ်တဲ့ ကချင်တိုင်းရင်းသား ဦးယုဇော်ခေါင်ကလည်း လွန်ခဲ့တဲ့သတင်းပတ်တွေအတွင်း ကချင်ပြည်နယ်တွင်း စစ်ပွဲများ အရှိန်မြင့်လာတဲ့အတွက် တိုက်ခိုက်မှုတွေအဆုံးသတ်သွားစေရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးပါရန် ယမန်နေ့က မြစ်ကြီးနားမြို့မှာ မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်လို့ အဆို ပါ အေအဖ်ပီ သတင်းမှာ ရေးသားထားပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတဦးအနေနဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်း 
ရေး အတွက် တာဝန် ရှိကြောင်း သူက ပြောဆိုထားပါတယ်။ 
နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့အခါမှာ လွှတ်တော်အမတ်တဦးဖြစ်နေပြီး လွန်ခဲ့တဲ့နှစ် ဇူလိုင်လ က ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုမိုကာကွယ်ပေးရေးနဲ့ပတ်သက်ပြီး ပိုပြီး 
တောင်းဆို သွားဖို့ရှိတယ်လို့ မိန့်ခွန်းတခုမှာ ပြောသွားခဲ့ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အရေး ကိစ္စတွေမှာ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ဝေဖန်မှုတွေ စဉ်ဆက်မပြတ်ရှိနေတာပါ။ 
ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA/ KIO အဖွဲ့နဲ့ မြန်မာအစိုးရတွေကြားမှာ ၁၇ နှစ်ကြာ အပစ် အခတ် ရပ်စဲခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး အပစ်အခတ်ရပ်စဲရေး သဘောတူမှုတွေကျိုးပေါက် 
ပြီး စစ်ပွဲတွေ ပြန်ဖြစ်လာခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါး ရှိပါတော့မယ်။ 
၂၀၁၁ ခုနှစ်က အရပ်သား အစိုးရ ဆိုတာ တက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပြန်လုပ်လာတာမှာ ကချင်လက်နက်ကိုင်အဖွဲ့နဲ့တော့ အခုထိ အဆင် မပြေသေးတဲ့ အပြင် တိုက်ပွဲတွေ အရှိန် မြင့်လာပြီး အစိုးရ စစ်တပ်က လေကြောင်း စစ်ကူယူ တိုက်ခိုက် ခဲ့ပါတယ်။ 
ဒါကလည်း အစိုးရ သတင်းစာ အဆိုအရ မိမိ ကိုယ်ကို ကာကွယ်ဖို့အတွက်လို့ ဆိုပြီး ကချင် လက်နက် ကိုင်တွေ သိမ်းဆည်းထားတဲ့ တောင်ကုန်းစခန်းတခုကို ပြန်လည် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ 
http://blog.irrawaddy.org/2013/01/blog-post_1938.html







 Kuala Lumpur Time
  Kuala Lumpur Time 

 
 
 
0 comments:
Post a Comment