![]() |
ပုသိမ် - ငပုတောကားလမ်းပေါ်က သမ္မတ ဦးသိန်းစိန် ဖွင့်လှစ်ပေးခဲ့တဲ့ ပေပင်တံတားကို ကျနော် ဒီနေ့ ဖြတ်သွားချိန်မှာ တံတားရဲ့အခြေအနေ ယိုယွင်း ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်။
ဦးသိန်းစိန် အဲဒီ ပေပင်တံတားကို ပြီးခဲ့တဲ့ ၂၀၁၂ မတ်လ ၂၅ ရက်နေ့က ကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အခု ၁၀ လ ကျော် ကာလလေးအတွင်းမှာပဲ ဒီလို ဖြစ်နေတာပါ။
တံတားပေါ်ကိုတက်တဲ့လမ်းတွေ နိမ့်ကျကုန်လို့ ကျောက်စရစ်ခဲတွေဖြည့်၊ သဲဖြူးတာတွေ လုပ်နေရပြီး တံတားမော်ကွန်းကျောက်စာအောက်ဖက်က ကွန်ကရစ်တွေအပါအ၀င် တံတား အတက်အဆင်းလမ်း ဘယ်ဘက်၊ ညာဘက်က ကွန်ကရစ်တွေ အကုန် အက်ကွဲနေတာ တွေ့ခဲ့ရပါတယ်။
တံတားဘေးဖက် အောက်ခြေကို ကာရံထားတဲ့ ကျောက်သားနံရံတချို့ ပြိုကျနေသလို တံတားရဲ့ ငပုတောမြို့နယ်ဘက်ခြမ်းက ကွန်ကရစ်တွေလည်း အက်ကွဲပြိုကျနေပါတယ်။
ဒီတံတားဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တံတားအမှတ်စဉ် (၁၂) ဖြစ်ပြီး ၂၀၁၁ ဇန်န၀ါရီ ၁၀ ရက် နေ့က စတင်ဆောက်လုပ်ခဲ့တာပါ။
ပုသိမ် - ငပုတောလမ်းမှာ ပေပင်တံတားနဲ့ ပဒဲကောတံတားဆိုပြီး အဓိက တံတား ၂ စင်းရှိပါတယ်။
ပဒဲကောတံတားကတော့ လက်ရှိ တည်ဆောက်နေဆဲ ဖြစ်ပါတယ်။
တံတားဖွင့်ပွဲကို သမ္မတ လာတုန်းကဆိုရင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က “ဧရာဝတီတိုင်းသား နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အား လှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ် ဧရာမကြီးတွေကို ပုသိမ်မြို့အနှံ့ လူစည်ကားရာ နေရာတွေမှာ ထောင်ထားပြီး ကြိုဆိုခဲ့တာပါ။
အခုတော့ တံတားသစ်ကြီး အခြေအနေက အထက်မှာ ဆိုခဲ့တဲ့အတိုင်းပါပဲ။
တံတားနဲ့အတူ ဖွင့်လှစ်ခဲ့တဲ့ ပုသိမ်ကနေ ပေပင်တံတားအထိ ၇ မိုင်ခန့်ရှိတဲ့ လမ်းပိုင်းကလည်း ကတ္တရာတွေကုန်လို့ ပျက်စီးစပြုလာနေပါပြီ။
ချောင်းကူးတံတားတစင်းဟာ တည်ဆောက်ပြီး ၁ နှစ်ပြည့်အောင်တောင် မသုံးရသေးဘဲ ငလျင်မလှုပ် ဘာမလှုပ်နဲ့ ဟိုနားအက်ကွဲ ဒီနားပြိုကျဖြစ်လာတယ်ဆိုတော့ တံတားဆောက်ရာမှာ နည်းပညာပိုင်း အားနည်းလို့လား၊ ဒါမှမဟုတ် အစိုးရက ငွေအလုံအလောက် ချမပေးလို့လား။ ဒါမှမဟုတ် ငွေ လုံလုံလောက်လောက် ချပေးရဲ့သားနဲ့များ….
http://blog.irrawaddy.org/2013/01/blog-post_3094.html






Kuala Lumpur Time

0 comments:
Post a Comment