http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Jan 2013

လာဘ်ပေးလာဘ်ယူမှုတွေအရေးယူဖို့ ကော်မတီဖွဲ့လိုက်ပြီ



 သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း  နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်လာရာမှာ နိုင်ငံတကာကပါ အသိအမှတ် ပြုလာရတဲ့အထိ ဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတဲ့ လာဘ်ပေး လာဘ်ယူမှုတွေက တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ အလွန်အဟန့်အတားဖြစ်နေတာပါ။ 

ဒါကို သတိထားမိတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သမ္မတ ရာထူး စတင်ယူပြီးနောက်ပိုင်း လာဘ်ပေး လာဘ်ယူ မှုတွေ နည်းပါးသွားအောင် သတိပေး ပြောဆိုမှုတွေ ဆက်တိုက်လို ပြောလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လာဘ်ပေး လာဘ်ယူမှုမျိုးဟာ စနစ်တကျ လာဘ်ပေးလာဘ်ယူမှုမျိုးဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လောက က ထင်ရှားသူတချို့ကလည်း ထောက်ပြဝေဖန်နေပါတယ်။ 

စနစ်တကျ လာဘ်ပေး လာဘ်ယူမှုမျိုးဆိုတာက နေရာ၊ ရာထူးတွေနဲ့ပတ်သက်သက်ပြီး သက်ဆိုင်ရာ ဌာန အလိုက် ပေါက်ဈေးတွေ ဖြစ်ပေါ်နေတာကို ဆိုလိုတာပါ။  ဒီအပြင် လက်ဖက်ရည်ဖိုးဆိုတဲ့ အသုံးအနှုန်းနဲ့ လာဘ်ပေးလာဘ်ယူမှုမှာ အပြစ်မရှိသလို ပေးသူ၊ ယူသူ ၂ ဖက်စလုံးက သတ်မှတ်နေကြတာလည်းဖြစ် ပါတယ်။ 

လခစား ၀န်ထမ်းလောကသားတွေမှာလည်း ( အောက်ဆိုက်) ဆိုတဲ့စကားလုံးနဲ့ ဘယ်လောက် ရတယ် ဆိုတာက ဂုဏ်ယူစရာ တခုလိုဖြစ်နေတာပါ။ တကယ်တော့ ဟိုး အောက်ခြေ ၀န်ထမ်းကအစ ထိပ်ပိုင်း အပေါ်ဆုံးထိ လာဘ်ပေး လာဘ်ယူမှုနဲ့ စိစစ်အရေးယူနိုင်မယ်ဆိုရင် အနာဂါတ် မြန်မာနိုင်ငံသားတို့ အတွက် ဂုဏ်သိက္ခာကို ကြိုတင် ပြင်ဆင်မွမ်းမံတာဖြစ်လို့ တိုင်းပြည်လည်း ဂုဏ်တင့်တယ်မှာပါ။

အခုတော့ အဆိုပါ လာဘ်ပေး လာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့အတွက် အရေးယူ ဆောင်ရွက်ရေး ကော် မတီ ကို သမ္မတ က ယမန်နေ့ ဇန်န၀ါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတယ်။ အခုလို သမ္မတရဲ့ အမိန့် ထုတ်ပြန်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လာမှုဟာ ကြိုဆိုသင့်တဲ့ အရာ ဖြစ်ပေမယ့် ဘယ်လောက်အထိ အောင်မြင်မယ်ဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။ 

သမ္မတရုံးမှ ထုတ်ပြန်သည့် လာဘ်ပေး လာဘ်ယူအရေးယူဆောင်ရွက်ရေး ကော်မတီဆိုင်ရာ အမိန့်ကြေငြာချက်ကို ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 
 

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
 နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉ /၂ဝ၁၃ 

၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် 
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်) 

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန် ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရ အဖွဲ့အစည်းများအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေး တို့အတွက် “လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ” ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည် - 

 (၁) ဒေါက်တာစိုင်းမောက်ခမ်း       -- ဒုတိယသမ္မတ ဥက္ကဋ္ဌ 

(၂) ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို     -- ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင် 

(၃) ဦးသိန်းညွန့်     -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၁) ---အဖွဲ့ဝင် 

(၄) ဦးစိုးမောင်     -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၂) --အဖွဲ့ဝင် 

(၅) ဦးစိုးသိန်း    -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၃) -- အဖွဲ့ဝင် 

(၆) ဦးတင်နိုင်သိန်း    -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၅) --အဖွဲ့ဝင် 

(၇) ဒေါက်တာ ထွန်းရှင်    -- ပြည်ထောင်စုရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး ---အဖွဲ့ဝင် 

(၈) ဦးသန်းကျော် - အဖွဲ့ဝင် -- နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ အဖွဲ့ဝင် 

(၉) ဦးလှထွန်း    -- ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး အတွင်းရေးမှူး 

(ပုံ) သိန်းစိန် 
နိုင်ငံတော်သမ္မတ 
 ပြည်ထောင်စု 
http://blog.irrawaddy.org/2013/01/blog-post_1470.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif