http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Jan 2013

စစ်ယူနီဖောင်းဝတ် အရပ်သား



~



တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာတက္ကသိုလ်ကျောင်းဆင်းများက သမ္မတအတွက် အိတ်ဖွင့်ပေးစာတစောင် ပေးပို့ထားပါတယ်။  တချို့လည်း ဖတ်ပြီး ဖြစ်မှာပါ။
ဧရာဝတီကို ရောက်လာတဲ့စာကို ဖော်ပြပေးလိုက်ပါတယ်။
သမ္မတဦးသိန်းစိန် ဒီစာဖတ်ပြီးရင် ခေါင်းကိုက်ပျောက်ဆေးတလုံးလောက်တော့ သောက်ရဖွယ်ရှိပါတယ်။

သမ္မတကြီးခင်ဗျား

ကျွန်တော်တို့သည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှ ကျောင်းဆင်း သူနာပြုနှင့် ဆေးဘက်ပညာသည်များ ဖြစ်ကြပါသည်။ ကျွန်တော်တို့သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် တွင် သက်ဆိုင်ရာပညာရပ်တို့အလိုက် ( ၄ ) နှစ်တာ ပညာသင်ကြားခဲ့ရပါသည်။ 

ထို့အတူ တပ်မတော်သားတစ်ဦးအဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက်လည်း တပ်မတော်သားတစ်ဦး တက်မြောက်အပ်သော စစ်ပညာရပ်များကို စာပေပညာရပ်များနှင့်အတူ ပူးတွဲ၍ လေ့ လာသင်ယူခဲ့ရပါသည်။ အခြေခံစစ်ပညာရပ်များမှသည် ချီ၊ တိုက်၊ ခံ၊ ခွာ စစ်ပညာရပ်များကို တပ်ခွဲအဆင့်ထိ လေ့ကျင့်သင်ကြားခဲ့ရပါသည်။

 စစ်ပညာနှင့် သက်ဆိုင်ရာပညာရပ်တို့အား အခြားသော တပ်မတော်က ဖွင့်လှစ်ထားသော တက္ကသိုလ်များနည်းတူ သင်ယူတက်မြောက် အောင်မြင်ပြီးပါက သက် ဆိုင်ရာ ပညာရပ်အလိုက် ဘွဲ့အသီးသီးကို ချီးမြှင့်ခံခဲ့ကြရပြီး ကျောင်းဆင်းပွဲ အခမ်းအနားတွင်လည်း တပ်မတော်အကြီးအကဲများက အခြားသော ကျောင်းဆင်းပွဲအခမ်းအနားများ နည်းတူ ဂုဏ်ပြု တက်ရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။

ထို့နောက်တာဝန်ပေးအပ်ခြင်းခံရသော သက်ဆိုင်ရာတာဝန်ကျရာနေရာများတွင် နိုင်ငံ တော်တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်ခဲ့ကြပါသည်။ နိုင်ငံတော်ကလည်း ကျွန်တော်တို့ကျောင်းဆင်းပြီး သူနာပြုနှင့် ကျွမ်းကျင်သူများကို အဆင့်မြင့် စစ်ပညာရပ် နှင့် သက်ဆိုင်ရာဆေးပညာရပ်တို့ကို သင်ကြားနိုင်စေရန် စစ်ပညာရပ်ပိုင်းအတွက် အထူးခြေလျှင်တပ်စုမှုး၊ တပ်ခွဲမှုး၊ တပ်ရင်းမှုး သင်တန်းများ တက်ရောက်စေ၍ လည်း ကောင်း၊ သက်ဆိုင်ရာ ပညာရပ်တို့အတွက် မဟာသိပ္ပံဘွဲ့ သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်ပေး၍လည်းကောင်း ချီးမြှောက် ခဲ့ကြပါသည်။

ကျွန်တော်တို့သည် ထိုသို့နိုင်ငံတော်က ချီးမြှောက်ခဲ့သော်လည်း ယနေ့ချိန်ထိတိုင် တပ်မတော်က သတ်မှတ်ပေးသော တပ်မတော်သားတစ်ဦး၏ အဆင့်သက်မှတ်ချက်ကို မရရှိ သေးပဲ အသိအမှတ်ပြုမခံရသေးသော သားများသဖွယ်ခံစားနေရပါသည်။ လူသားတိုင်း သည် မျှော်လင့်ချက် ရည်မှန်းချက်ထားရှိ၍ ထိုရည်မှန်းချက်ပြည့်ဝရန်ကြိုးစား အားထုတ်နေကြရမြဲဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်မှ ကျောင်းဆင်းသူနာပြုနှင့် ဆေးဘက်ပညာသည်တို့သည် တပ်မတော်၏ တပ်မတော်သားတစ်ဦး အလိုက်ရရှိကြသော အဆင့်သက်မှတ်ချက်တစ်ခုကိုမရှိသေးပဲ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်လာခဲ့ကြသည်မှာ ကျောင်းဆင်းအမှတ်စဉ် ( ၁၀ ) ထိ တိုင်ရှိခဲ့ပြီဖြစ်ပါသည်။ 

လူသားတိုင်း၊ တပ်မတော်သားတိုင်း ရည်မှန်းချက်ကိုယ်စီ၊ မျှော်လင့်ချက်ကိုယ်စီဖြင့် တာဝန်ထမ်းဆောင်ကြိုးပမ်းနေချိန်တွင် ကျွန်တော်တို့ ကျောင်းဆင်းများမှာ မည်သည်ကို မျှော်မှန်းရမည် မသိဘဲ ရည်ရွယ်ချက်၊ ဦးတည်ချက်လမ်းများ ပျောက်ဆုံးလျက် ရှိနေကြပါသည်။

တပ်မတော်၏ တူညီဝတ်စုံဝတ် တပ်မတော်သားများ ဖြစ်သည့်အားလျော်စွာ တပ်မတော်သားတိုင်း ခံစားခွင့်ရှိနေသော အခွင့်အရေးအား အခြားသော တပ်မတော်သားများ နည်း တူ ရရှိခံစားခွင့်ရချင်ပါသည်။ တပ်မတော်တွင်ရှိနေသော အဆင့်သက်မှတ်ချက်၊ ခံစားခွင့်၊ လိုက်နာရမည့်စည်းကမ်းများကို တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ် တစ်ဝမ်းတည်းဖြင့် ရရှိခံစားလိုပါသည်။

ယခုအခါတွင် ကျွန်တော်တို့ ကျောင်းဆင်းများမှာ တပ်မတော်၏ အဆင့်သက်မှတ်ချက် မရှိဘဲ 
သူနာပြု ၊ အတက်တန်းသူနာပြု ၊ 
သူနာပြုဆရာကြီး ၊ 

ဆေးဝါးကျွမ်းကျင်( ပထမတန်း )၊ 
ဆေးဝါးကျွမ်းကျင်  ( ဒုတိယတန်း )၊ 

ဆေးဝါးကျွမ်းကျင်( တတိယတန်း)၊ 
ဓါတ်ခွဲကျွမ်းကျင်( ပထမတန်း )၊ 

ဓါတ်ခွဲကျွမ်းကျင်     ( ဒုတိယတန်း )၊ 
ဓါတ်ခွဲကျွမ်းကျင်    ( တတိယတန်း )၊ 

ဓါတ်မှန်ကျွမ်းကျင်( ပထမတန်း )၊ 
ဓါတ်မှန်ကျွမ်းကျင်( ဒုတိယတန်း )  

ဓါတ်မှန်ကျွမ်းကျင် ( တတိယတန်း )၊ 
ကာယကျွမ်းကျင်    ( ပထမတန်း )၊ 

ကာယကျွမ်းကျင် ( ဒုတိယတန်း )၊ 
ကာယကျွမ်းကျင် ( တတိယတန်း ) 
ဟူသော သက်ဆိုင်ရာ ပညာရပ်အလိုက် အရပ်ဘက်အခေါ်အဝေါ် အဆင့်သက်မှတ်ချက်သာ ပေးအပ်ထား ခံရပါသည်။

ထိုသို့ တပ်မတော်၏အဆင့်သက်မှတ်ချက် မရှိသဖြင့် တပ်မတော်၏ အုပ်ချုပ်မှုကိစ္စများ တွင် အဆင်မပြေမှုများကြုံတွေ့ရလျက် ရှိနေပါသည်။ တပ်သားမှစ၍ အရာရှိကြီးများထိ  ကျွန်တော်တို့ကျောင်းဆင်းများအား မည်သည့်အဆင့်ဆိုသည်ကိုမသိဘဲ “မင်းတို့က ဘာတွေလဲ“ ဟုသာ အမေးခံနေကြရပါသည်။ 

ထိုထက်မက အချို့တပ်မှုးများက စစ်ကျောင်းကြီးတစ်ကျောင်းမှ နိုင်ငံတော်အဆင့်ဖြင့် ကျောင်းဆင်းသောသူများဟု အခွင့်အရေး အရာရှိများကဲ့သို့ပေး၍ ဆက်ဆံသကဲ့သို့ အချို့သောတပ်မှုးများမှာ အရာခံ ဗိုလ်ဆရာကြီးများလောက်ပင် အဆင့်မရှိ၊ ဘာမှန်းမသိသောကောင်များဟု ပြောဆိုဆက်ဆံခံရမှုများဖြင့် တစ်ကျောင်းတည်းမှဆင်းသော ကျောင်းဆင်းချင်း အတူပင်လျှင် အခွင့်အရေး၊ ဆက်ဆံခံရပုံမတူပဲ တန်းတူ အခွင့်အရေးမရ ဖြစ်နေကြရ ပါသည်။

ထိုထက်မက များလှစွာသော အဆင်မပြေမှုများဖြင့် ကျွန်တော်တို့ကျောင်းဆင်းများမှာ နေ့စဉ်ကြုံတွေ့ရလျက်ရှိနေရပါသည်။ တပ်မတော်၏ တူညီဝတ်စုံကို ၀တ်ဆင်ခွင့်ရရှိ ထားသော်လည်း အခြားသော တပ်မတော်သားများ နည်းတူ နိုင်ငံတော်တာဝန်ကိုထမ်း ဆောင်နေကြရသော်လည်း တပ်မတော်တစ်ရပ်လုံးနှင့် တစ်ပေါင်းတစ်စည်းတည်း မရှိသကဲ့သို့ဖြစ်နေရပါသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော ပညာအရည်ချင်းတူ အမျိုးသမီး သူနာပြု အရာရှိများဖြင့်ပင်လျှင် အသိအမှတ်မပြုပဲ အဆင်မပြေမှုများကြုံတွေ့နေရပါသည်။ ထို့ပြင် ကျွန်တော်တို့၏မိခင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှာပင်လျှင် ကျွန်တော်တို့အတွက် ခန့်အပ်တာဝန်ထမ်းဆောင်ရန်ရာထူးနေရာမရှိဟု သိရပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်တို့သည် တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ခံစားခွင့်ရရှိကာ တပ်မတော်သားတိုင်း ရရှိနေကြသော စစ်ဘက်ဆိုင်ရာ မည်သည့် အဆင့်သက်မှတ်ချက်တစ်ခုကိုမဆို ခံစားခွင့် ရရှိလိုပါသည်ခင်ဗျား။  

သို့ဖြစ်ပါ၍ တပ်မတော်တစ်ရပ်လုံး နှင့်အတူ တူညီစစ်ဝတ်စုံကိုဝတ်ဆင်ရသကဲ့သို့၊ အခြားသောတပ်မတော်သားများနည်း တူ တာဝန်ထမ်းဆောင်ရသကဲ့သို့၊ အခြားသောကျောင်းဆင်းများ၊ တပ်မတော်သားများ နည်းတူ သင်တန်းများသင်ယူတက်မြောက်ခဲ့ရသကဲ့သို့ပင် အားလုံးသောတပ်မတော် သားများကဲ့သို့  နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်က အသိအမှတ်ပြုသော သား တစ်ဦးအဖြစ်တပ်မတော်၏ သင့်လျော်သော စစ်ဘက်ဆိုင်ရာအဆင့်တစ်ခုအား သက်မှတ်ပေးနိုင်ပါရန် ရိုသေလေးမြတ်စွာဖြင့် ဦးတိုက်တင်ပြအပ်ပါသည်ခင်ဗျား။ 
http://blog.irrawaddy.org/2013/01/blog-post_488.html
 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif