http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2013

နေပြည်တော်လည်း အကျဉ်းသားအရေး ပိုမိုကျွမ်းကျင်လာပြီ


 
 
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဆိုတာကို နေပြည်တော်မှာ ဖွဲ့ပြီး ရက်ပေါင်း တရာဝန်းကျင် ကြာလာချိန်မှာ အစိုးရက အကျဉ်းသား တရာဝန်းကျင်ကို လွှတ်ပေးလိုက်ပါတယ်။

ဒီကော်မတီကို နေပြည်တော်က ဝန်ကြီးတချို့၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအကျဉ်းသားရေးရာအဖွဲ့ အသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။


မနေ့ညနေက လွတ်လာသူတဦး (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

အစိုးရပိုင်း နဲ့ အတိုက်အခံပိုင်း ပါဝင်တဲ့ အတွက် ထူးခြားတဲ့ကော်မတီပေါ့။

ကော်မတီကနေ ထွက်မယ်

အတိုက်အခံပိုင်းက ၀န်ကြီးတွေကို အသံတသံ ပေးထားပါတယ် - အဲဒါကတော့ လက်ကျန် နိုင်/ကျဉ်းတွေကို လွှတ်ပါ။ လွှတ်တဲ့အခါ "နိုင်ငံရေးအကျဉ်းသား"တွေကို လွှတ်ပေးတယ် ဆိုတဲ့ ဝေါဟာရကို သုံးပေးပါ ဆိုတာပါပဲ။
လွှတ်ပေးတဲ့အခါ တောင်းဆိုထားတဲ့အတိုင်း မသုံးနှုန်းရင် ကော်မတီကနေ ထွက်ဖို့အထိ စီစဉ်ထားတာမျိုး ရှိတယ်လို့ သိရပါတယ်။

အခု တချို့ကို လွှတ်ပေးပါပြီ။
နိုင်ငံရေးအကျဉ်းသား လို့ ၀န်ကြီးတို့ဘက်က သုံးပါသလား။ မသုံးပါဘူး။
နိုင်ငံသားအကျဉ်းသား လို့ တော့ သုံးပါတယ်။ ၈ဝ% လိုက်လျောတယ်လို့ ဝန်ကြီးတို့ဘက်က ဆင်ခြေပေး ကပ်သီးကပ်သပ်ပြော ရယ်စရာပြောရင် ပြောနိုင်ပါတယ်။ အခုခေတ်က ပြက်လုံးထုတ်တယ်ဆိုတာ ဝန်မင်းတချို့ရဲ့အလုပ် ဖြစ်နေပါပြီ။

အစိုးရဘက်က ကြည့်တော့ လွှတ်ပေးတာတောင် လွန်လှပြီ ပေါ့လေ။
နိုင်/ကျဉ်းဟောင်းများဘက်က ကြည့်တော့ .... ငါတို့နဲ့ ပူးပေါင်းသလိုလိုနဲ့ ငါတို့ကို အသုံးချသွားပြီ ပေါ့လေ။
ကော်မတီထဲကနေ ထွက်ရင် ပူးပေါင်းဆောင်ရွက်မှုမရှိသူအဖြစ် တံဆိပ်အကပ်ခံရနိုင်သလို ဆက်ပြီး ပူးပေါင်းဆောင်ရွက်ရင်လည်း ကိုယ့်ရဲ့ မူဝါဒတွေကို လိုလိုလားလား အထိခိုက်ခံရာရောက်နေမှာပါ။

ကော်မတီက ဘာလဲ၊ လုပ်စား/အသုံးချတဲ့ ကော်မတီလား

အားလုံး တိုက်တွန်းတဲ့  အတိုင်း နိုင်ငံရေးအကျဉ်းသား ဆိုသူများကို လွှတ်ပေးဖို့ အစိုးရက ဒီကော်မတီကို ဖွဲ့ခဲ့တာပါပဲ။

အများဘက်က ကြည့်တော့ ဗိုလ်ချုပ်ကြီးတွေက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ကိုယ်နဲ့သဟဇာတ မဖြစ်တဲ့ လူမျိုးစုံကို ထောင်ထဲ ထည့်ခဲ့တယ် ပေါ့လေ။
အခု လွှတ်ပေးဖို့ အချိန် အရမ်း လွန်နေတာတောင်မှ လွှတ်မပေးသေးဘဲ ဘာကော်မတီ ညာကော်မတီ ဖွဲ့ပြီး မင်္ဂလာယူ နာမည်ကောင်းယူနေတယ် လို့ မြင်ကြမှာပါ။
ပြီးတော့ လက်ရှိ အစိုးရဟာ  ဘောင်းဘီချွတ်အစိုးရပဲ။ စစ်ဗိုလ်ချုပ်တွေ အရပ်သားအသွင်ပြောင်းထားတဲ့ အစိုးရပဲလို့ ဆိုကြမှာပါ။

အစိုးရဘက်က ကြည့်တော့လည်း ငါတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ လူထုက တင်မြှောက်ထားသူတွေ ဖြစ်တယ်။
ဟိုတုန်းက ငါတို့ စစ်ဗိုလ်တွေ ဖြစ်ခဲ့ပေမယ့် ဒီနိုင်ငံရေးသမားတွေကို ဖမ်းခဲ့တာ ငါတို့ မဟုတ်ဘူး လို့ ပြောနိုင်ပါတယ်။
ထောက်လှမ်းရေးတွေက သူတို့ကို ပုဒ်မမျိုးစုံတပ်ပြီး တရားရုံးပို့၊ တရားသူကြီးများကလည်း မပျက်မကွက် စီရင်ချက်ကြီးကြီးချခဲ့ကြရာမှာ အားလုံးဟာ ရာဇ၀တ်အကျဉ်းသား ပုံစံမျိုး ဖြစ်သွားပါတယ်။
အဲဒီလို အကွက်ကျကျ စီစဉ်ခဲ့ရုံတင် မက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး ဆိုတဲ့ ဂါထာကို တတွတ်တွတ်ရွတ်ခဲ့ကြရတာမို့ ကနေ့လို အခြေအနေ ဖြစ်လာတာပါပဲ။
ဒါကြောင့် ကော်မတီ ဖွဲ့ဖို့ လိုအပ်ပါတယ် ပေါ့လေ။

ကော်မတီက ဘာလဲ၊ လုပ်စား/အသုံးချတဲ့ ကော်မတီလား ဆိုတဲ့မေးခွန်းအတွက် အဖြေက တခုထက်မက ရှိနေမှာပါ။
နိုင်/ကျဉ်းအရေးက အများအာရုံစိုက်စရာ မဟုတ်တော့တဲ့အတွက် အငြင်းပွားတာတွေလည်း သိပ်ရှိမယ် မထင်ပါဘူး။

တိုးတက်မှု

ဒီတကြိမ် အကျဉ်းသားလွှတ်ပေးမှုက ချီးကျူးဖို့ အင်မတန်ကောင်းပါတယ်။ အုပ်ချုပ်ရေးဘက်မှာ အနှစ် ၂၀ (သို့မဟုတ် ၂ နှစ်) ကျော်လာတော့ လုပ်တတ်ကိုင်တတ် ရှိလာကြပါပြီ။

သိတဲ့အတိုင်းပဲ .... ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် အတွင်း ဖိအားလျော့ပါးရေးအတွက် အကျဉ်းသား အစုလိုက်အပြုံလိုက်လွှတ်လေ့ရှိပါတယ်။ခိုးဆိုးနှိုက်တွေလည်း အပါအ၀င်ပေါ့။ ဗိုလ်ချုပ်ကြီးတို့က ခိုးဆိုးနှိုက်တွေကို ဦးစားပေး လွှတ်ပေးတဲ့အတွက် ပြင်ပမှာ ရာဇ၀တ်မှု ပိုများလာစေတယ်လို့ ဝေဖန်ခံရတာမျိုးလည်း ကြုံခဲ့ရတာပါ။
ဒီတကြိမ်တော့ ခိုးဆိုးနှိုက်တွေ ပါပုံ မရပါ။ အများစုက နိုင်/ကျဉ်းတွေလို့ ကြားရပါတယ်။ ဒါကြောင့် ချီးကျူးစရာပဲလို့ ဆိုနိုင်ပါတယ်။ 
http://blog.irrawaddy.org/2013/04/blog-post_25.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif