လိုင်းကားများပေါ်တွင် ယာဉ်စီးခကိုကြိုးမဲ့စနစ်ဖြင့် ငွေပေးသွင်းနိုင်သည့် ipay စနစ်ကို ၂၀၁၂ ခုနှစ်မတ်လ ၁၅ ရက်နေ့တွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများတွင် စတင်အသုံးပြုမည်ဟု သတင်းရရှိသည်။ စတင်အသုံးပြုမည့်ယာဉ်များမှာ ဗန္ဓုလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေသို့သွားသည့် ပါရမီအဓိပတိအပြာယာဉ်လိုင်းကားများဖြစ်သည်ဟု သိရသည်။
“ဒီကတ်ကိုအသုံးပြုခြင်းအားဖြင့် ငွေစက္ကူမလိုဘူး။ ပြီးတော့ လိုင်းကားစီးတဲ့အခါမှာ အဓိကဖြစ်နေတဲ့ အကြွေမအမ်းလို့၊ အကြွေမရှိလို့ဆိုတဲ့ ပြဿနာတွေမရှိတော့ဘူး။ ဒီကတ်စနစ်က ကြိုးမဲ့စနစ်ဖြစ်ပြီး ငွေပေးချေတဲ့အခါ ၀.၁ စက္ကန့်သာကြာမယ်။ ဆော့ဖ်ဝဲကိုတော့ အိန္ဒိယနဲ့မြန်မာက ပညာရှင်တွေရေးထားပါတယ်။ လိုင်းကားတွေပေါ်မှာ အလကားတပ်ဆင်ပေးမှာပါ။ စက်ရဲ့တန်ဖိုးက လေးသိန်းလောက်ရှိတယ်။ ကတ်တန်ဖိုးက ငါးဒေါ်လာလောက်ရှိတယ်။ ကတ်ကို တစ်ကတ်သုံးရာကျပ်နဲ့ရောင်းမယ်။ ပြီးရင်ကတ်ထဲကို အနည်းဆုံးတစ်ထောင်ကျပ်ကနေ အများဆုံးတစ်သိန်းထိ သွင်း ထားနိုင်တယ်။ ငွေပေးချေတဲ့အခါတိုင်း ငွေလက်ခံဖြတ်ပိုင်းတစ်ခုရရှိမယ်။ အဲဒီကနေ ပေးချေလိုက်တဲ့ငွေပမာဏကိုသိနိုင်မယ်။ ၃၀၀ ခရီးဆို ၃၀၀ ဖြတ်မယ်။ ၂၀၀ ခရီးဆို ၂၀၀ ဖြတ်မယ်။ ၅၀ ခရီးဆို ၅၀ ဖြတ်မယ်။ အကြွေအခက်အခဲမရှိတော့ဘူး” ဟု ipay ပိုက်ဆံကတ်စနစ်ကိုပြုလုပ်မည့် ကစ္ဆပနဒီမှ Project Manager ကိုအောင်ကျော်ကပြောသည်။ အဆိုပါစနစ်အသုံးပြုရာတွင် အဆင်ပြေစေရန်အတွက် ယာဉ်နောက်လိုက်များကို Training ပေးမည်ဟုသိရသည်။ မိမိကတ်အတွင်း လက်ကျန်ပိုက်ဆံနည်းနေပါက ကစ္ဆပနဒီမှဖွင့်လှစ်ထားသည့် ရုံးခွဲများတွင် ထပ်မံဖြည့်သွင်းနိုင်ရန် စီစဉ်ပေးထားသည်ဟုလည်း သိရသည်။ ထို့အပြင် မိမိကတ်ကို တခြားလူများအသုံးမပြုနိုင်ရန် လုံခြုံရေးစနစ်ကိုလည်း ပြုလုပ်ပေးထားသည်သိရသည်။ ကစ္ဆပနဒီအနေဖြင့် အဆိုပါ ipay ပိုက်ဆံစနစ်အသုံးပြုမှုကို လိုင်းကားများတွင်သာမက ရထားစီးခြင်း၊ Taxi စီးခြင်း၊ သင်္ဘောစီးခြင်း စသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ထမင်းဝယ်စားခြင်း၊ ဈေးဝယ်ခြင်းစသည့် လုပ်ငန်းများတွင်ပါ အသုံးပြုနိုင်ရန် ဆွေးနွေးလျက်ရှိသည်ဟုသိရသည်။ “အဲဒီလိုကတ်နဲ့ ကိုယ်သွားချင်တဲ့ခရီးကို အတိအကျပေးနိုင်တဲ့စနစ်ဖြစ်လာရင် ကောင်းပါတယ်။ ကားခအကြွေကိစ္စကို လိုက်ပြောစရာမလိုတော့ဘူး။ ဒီစနစ်ကြီးအောင်မြင်ပါစေလို့ ပြောချင်ပါတယ်” ဟု ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော ကိုအောင်မျိုးသူကဆိုသည်။
http://www.myanmarinternetjournal.com

0 comments:
Post a Comment