http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Apr 2012

ပြန်လည် အသက် သွင်းပေးရတော့မည့် မြန်မာ့ စီးပွားရေး

l
ပြန်လည် အသက် သွင်းပေးရတော့မည့် မြန်မာ့ စီးပွားရေးမြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော  အရပ်သား အစိုးရ လက်ထက် အကောင်အထည် ဖော်လျက်ရှိ သော  ဒီမိုကရေစီ  ပြုပြင်    ပြောင်းလဲမှုများနှင့် တိုးတက် ဖြစ်ထွန်းမှုများ  အပါအ၀င် မကြာသေးမီ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ တရား မျှတစွာ ပြီးဆုံးခဲ့မှုကို အသိ အမှတ်ပြု တုံ့ပြန်သည့် အနေဖြင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီရိုဒန် ကလင်တန်က ပိတ်ဆို့ အရေးယူမှု အချို့ကို ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်က ဖယ်ရှားပေး လိုက်သည်။ အမေရိကန်ပြည်ထောင်စု ၏ ပိတ်ဆို့မှု ဖယ်ရှားသော အစီအစဉ်တွင် အနောက်နိုင်ငံများမှ အကျိုးအမြတ် မယူသော အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လုပ်ကိုင်နိုင် ခွင့်ပြုခြင်း၊ မြန်မာအစိုးရ အရာရှိ အချို့ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုများ လျှော့ချခြင်း အစရှိသည်တို့ ပါဝင်သည်။ အမေရိကန် ပြည်ထောင်စုနှင့် EU တို့အနေ ဖြင့် ပိတ်ဆို့ အရေးယူမှုများ အားလုံးကို အပြီးအပိုင် စွန့်လွှတ်ရမည့်အချိန်တွင် အဆိုပါ ဖြေလျှော့ ပေးမှုများမှာ မဆိုစလောက် မျှသာ ဖြစ်သည်ဟုဆိုရပါမည်။ EU ဘက်ကို ကြည့်မည် ဆိုပါက ယခု ဧပြီလ နှောင်းပိုင်းတွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ အပေါ် သတ်မှတ် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့မှု ဆိုင်ရာ မူဝါဒများကို ပြန်လည် သုံးသပ်ရတော့ မည်ဖြစ်သည်။
ထိုသို့ ပြန်လည် သုံးသပ်ရာတွင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ကိုင်ပေးသောကြောင့် မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြု ချီးမြှင့်သည့် အနေဖြင့် ပိတ်ဆို့မှုများ ဖယ်ရှားပေး ခြင်းမျိုးမဟုတ်ဘဲ မြန်မာပြည်သူလူထု ၏ အကျိုးစီးပွားအတွက် ဖယ်ရှားပေး ခြင်းမျိုးဖြစ်သည် ဟူသောအချက်ကို အီးယူအဖွဲ့ဝင်နိုင်ငံများကထုတ်ဖော်ပြသ ကြဖွယ်ရှိသည်။ ဧပြီလ ၁၃ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ် အလည်အပတ်ရောက်ရှိလာသော ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဒေးဗစ်ကင် မရွန်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို တုံ့ပြန်သည့်အနေ ဖြင့် ပိတ်ဆို့ အရေးယူမှုများကို ရပ်ဆိုင်း သင့်ကြောင်း သုံးသပ်ပြောဆိုသည်။ မစ္စတာကင်မရွန်းသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိသျှအစိုးရထံမှ လွတ် လပ်ရေးရရှိသည့် အချိန် နောက်ပိုင်း ပထမဆုံးလာရောက်လည်ပတ်သူ ဗြိတိန် နိုင်ငံ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားမည့်ကိစ္စသည် “ရဲရင့် ပြတ်သားသည့် လုပ်ရပ်” တစ်ခု ဖြစ်လိမ့်မည်ဟု ဒေးဗစ် ကင်မရွန်းက ပြောကြားသည်။ ကင်မရွန်း၏ မြန်မာပြည် ခရီးစဉ် ပြီးဆုံးသွားသည့် နောက် မြန်မာ့ အရေး လေ့လာ သူများနှင့် သံတမန်ကြီးများ အသိုင်းအ၀ိုင်းက ပိတ်ဆို့မှုများ အားလုံး နီးပါး ရုပ်သိမ်းလာနိုင်ကြောင်း၊ ထို့နောက် နှစ်ပေါင်းများစွာ ယိုင်နဲ့ခဲ့သော မြန်မာ့စီးပွားရေးလည်း ပြန်လည် ဦးမော့လာမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
မှန်ပါသည်။ အနောက်နိုင်ငံများ ၏ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှား လိုက်ပါက မည်သည့်အကျိုးအမြတ် များရရှိလာမည်နည်းဟူသောအချက်မှာ ဆန်းစစ် ကြည့်စရာ ကောင်းပါသည်။ ပိတ်ဆို့မှုများ အဆုံးသတ်သွားမည်ဆိုပါ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများဝင် ရောက်လာမည်ဖြစ်ရာ ကာလ ကြာရှည်စွာ ယိုယွင်း ပျက်စီးနေခဲ့သော အခြေခံ အဆောက်အဦများ ပြန်လည်တည် ဆောက်ရာတွင် အကူ အညီ အထောက် အပံ့ ရရှိမည်ဖြစ်သလို ၎င်းတို့ ရင်းနှီး မြှုပ်နှံလုပ်ကိုင်မည့် စက်ရုံ၊ အလုပ်ရုံသစ် များကြောင့် အလုပ်အကိုင် အခွင့်အလမ်း များလည်းပေါ်ထွန်းလာမည်ဖြစ်သည်။ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီ ချက်များနှင့် လယ်ယာ စိုက်ပျိုးရေး နည်းပညာသစ်များက မြန်မာနိုင်ငံကို ကမ္ဘာ့ ထိပ်တန်း ဆန်တင်ပို့သူ နိုင်ငံအဆင့်သို့ ပြန်လည် ရောက်ရှိအောင် ဖန်တီးပေး မည်ဖြစ်ပြီး အခြားသော ကောက်ပဲသီးနှံ များလည်း ကမ္ဘာ့ဈေးကွက်သို့ ကောင်းမွန်စွာ တင်ပို့ရောင်းချလာနိုင်မည်ဖြစ် သည်။ ထိုမျှ မကသေးပါ၊ တစ်ချိန် တစ်ခါက အရှေ့တောင် အာရှ ဒေသတွင် အကောင်းဆုံး ပညာရေး စနစ် ရှိခဲ့ပြီး ယခုအခါ အဆိုးဆုံး အဆင့်သို့ ရောက်နေသော မြန်မာ့ ပညာရေး အခန်းကဏ္ဍ ပြန်လည် ဦးမော့လာနိုင်အောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများကပင် အကူအညီ ပေးပါလိမ့်မည်။
စီးပွားရေး ပိတ်ဆို့မှုများ အားလုံး ရပ်ဆိုင်းပေးခြင်းသည် မြန်မာနိုင်ငံ၏ လတ်တလော ဖရိုဖရဲ ဖြစ်နေသည့် စီးပွား ရေးပြဿနာများကို ဖြေရှင်းပေးရုံ သက်သက်မျှ သာမကဘဲ ပြုပြင် ပြောင်းလဲမှု လိုလားသော ပုဂ္ဂိုလ်များ၊ လူစွမ်းကောင်း များ ထပ်မံ ပေါ်ထွန်းလာအောင် ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။ လတ်တလော အနေအထားတွင် သမ္မတ ဦးသိန်းစိန် အစိုးရက မဆုတ်မနစ်သော ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်နေသည့်တိုင် တိုးတက် ဖြစ်ထွန်းမှုများမှာ နှေးကွေး နေသည့် သဘောတွင် ရှိနေသည်။ အကြောင်းမှာ ကောင်းမွန်စွာ လေ့ကျင့် ပျိုးထောင် ထားသူများ နည်းပါးခြင်း၊ အဂတိ လိုက်စားသော ဗျူရိုကရက်များ နှင့် ပြုပြင် ပြောင်းလဲမှုများကို မနှစ်မြို့ကြသူ ခရိုနီ (Crony) များ အုပ်စုဖွဲ့မှု အမြစ်တွယ် နေကြခြင်းတို့ကြောင့်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေ နှင့်ပတ်သက်၍ ဘောဂဗေဒပညာရှင် တစ်ဦးက ယခုလို မှတ်ချက်ပေးသည်။
“ဦးခေါင်းက ရှေ့ကို အလွန် အမင်း ရောက်နေပေမယ့် ခြေထောက်က မလိုက်နိုင်ဘဲ ဖြစ်နေတာမျိုးပါ” အဆိုပါ ဖြစ်ရပ်ကို ပြုပြင်ရန် အချိန် ယူရဦးမည် ဖြစ်သော်လည်း ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းသွား မည်ဆိုပါက အရည်အချင်းရှိပြီး ပြည်ပသို့ ရောက်နေသော မြန်မာနိုင်ငံ သားများ အမိမြေသို့ ပြန်လည် ၀င်ရောက်လာနိုင်ကာ စီးပွားရေးလုပ်ငန်း များနှင့် ကုမ္ပဏီကြီးများ ထူထောင် လုပ်ကိုင်ရန် သို့မဟုတ် အစိုးရယန္တရား အတွက် အလုပ် လုပ်ပေးရန် အားပေး အားမြှောက်ပြုရာ ရောက်ပေမည်။ ထို့ပြင် မြန်မာနိုင်ငံသားများအနေဖြင့် အနောက် နိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများကို ရယူ သုံးစွဲခွင့် ရရှိမည်ဖြစ်ပြီး အနောက် နိုင်ငံ အရင်းအနှီးများက ဖန်တီးပေးသည့် အလုပ် အကိုင်များလည်း ရရှိမည် ဖြစ်သည်။ သို့အတွက်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ စီးပွားရေးတွင် စွမ်းဆောင် ရည်ရှိသည့် အလယ် အလတ် လူတန်းစား များကိုပါ တစ်ပါတည်း မွေးထုတ်ပေး သွားနိုင်ပေမည်။ သို့သော် ယခုအခါတွင် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု မူဝါဒများက မြန်မာအစိုးရ၏ ကုန်သွယ် ရေးလုပ်ငန်းစဉ်များကို ကန့်သတ် ပိတ်ပင်လျက်ရှိပါသည်။ တစ်ချိန်တစ်ခါ က မှတ်တမ်းများကို ကြည့်မည်ဆိုပါက အစိုးရ၏ အဆိုပါ ကုန်သွယ်ရေး လုပ်ငန်းစဉ်သည် အမျိုးသမီး ထောင်ပေါင်း များစွာကို အလုပ်အကိုင် ရရှိအောင် ဖန်တီးပေးနိုင်ခဲ့သလို လယ်လုပ်သူ တောင်သူများ၏ ၀င်ငွေ မြင့်တက်အောင် လည်း လုပ်ကိုင်ပေးနိုင်ခဲ့သည်။
သို့အတွက်ကြောင့် အနောက် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား ကုန်သွယ်မှု တရားဝင်ဖြစ်အောင် လျင်မြန်စွာ လမ်းဖွင့်ပေးလေ ခရိုနီ (Crony) အုပ်စုဖွဲ့ကာ စီးပွားရေး ဝေစု အများအပြားရရှိအောင် လုပ်ကိုင်မှု လည်း ဖြစ်နိုင်ခြေနည်းလေသာ ဖြစ်ပေ မည်။ နိုင်ငံခြားကုမ္ပဏီနှင့် လုပ်ငန်းများ များများ စားစား နေရာ ရယူနိုင်မှု မရှိပါ က ခရိုနီအုပ်စုဖွဲ့မှုများ မြန်မာပြည်တွင် ဆက်လက် ရှင်သန်အားကောင်းနေမည် သာဖြစ်သည်။ ပိတ်ဆို့မှုများ မပြုလုပ်ဘဲ လတ်တလော ပိုနေမြဲ ကျားနေမြဲပုံစံ အတိုင်း ဆက်လက် ရပ်တည်သွားမည် ဆိုပါက ချမ်းသာကြွယ်ဝပြီး အဂတိ လိုက်စားသော အီလစ် (Elite) လူတန်း စားများ ကြီးထွား ခေါင်းထောင်လာမှုကို ဟန့်တားနိုင်မည်မဟုတ်ဘဲ ခရိုနီများ အုပ်စုဖွဲ့လုပ်ကိုင်မှုကိုပင် အားပေးအား မြှောက်ပြုရာ ရောက်သွားပေလိမ့်မည်။ မြန်မာပြည်သူများကလည်း ပိတ်ဆို့အရေးယူမှုမရှိမှ တိုင်းပြည် စီးပွားရေးပြန်လည်ခေါင်းထောင်လာမည် ဟူသောအချက်ကို ကောင်းစွာသိထား ကြသည်။ ပိတ်ဆို့အရေးယူမှုများက မြန်မာနိုင်ငံကို အကူအညီပေးလျက် ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည့်တိုင် သူမကို မြန်မာ ပြည်သူများက ကြိုက်နှစ်သက်ကြ သည်။ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို မဲပေးခဲ့ကြသည်မှာ နယ်ပယ်အတော် များများတွင် အပြောင်းအလဲများ ပေါ်ထွန်းလာရေးအတွက် ဖြစ်သည်။
နိုင်ငံရေး လွတ်လပ်ခွင့် ဟူသော အကြောင်းကိစ္စချည်း သက်သက် အတွက် မဟုတ်ပေ။ သို့သော် လက်ရှိအချိန် အထိ NLD က များစွာ အလေးပေး အာရုံစိုက်နေသည်မှာ နိုင်ငံရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အရေး ကိစ္စများသာ ဖြစ်နေသည်ကို တွေ့ရသည်။ စီးပွားရေးနှင့် ပတ်သက်သည့် အာဂျင်ဒါ တစ်ရပ် ချမှတ်ရန် များစွာ လိုအပ်လျက် ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ကြည့်မည်ဆိုလျှင် သူမအနေဖြင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရနှင့် ဆက်ဆံရာတွင် စီးပွားရေး ပိတ်ဆို့အရေးယူမှု ဟူသည့် အကြောင်း ကိစ္စကို အပေးအယူ၊ အလျှော့အတင်း လုပ်၍ ရသည့် အရာ တစ်ခု အဖြစ် လက်ခံ ထားဖွယ်ရှိသည်။ ပို၍ဆိုပါက ပိတ်ဆို့ အရေးယူမှုအဆုံးသတ်ခြင်းကြောင့် ပေါ်ထွန်းလာမည့် အကျိုးအမြတ်များ အတွက် သမ္မတဦးသိန်းစိန်အစိုးရ အနေဖြင့် နိုင်ငံရေးအရ ချီးမွမ်း ဂုဏ်ပြု ခံရမည့် အရေးကိုပင် ဒေါ်အောင်ဆန်းစုကြည် မြင်လို တွေ့လိုဖွယ် ရှိမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ စစ်အာဏာရှင်စနစ်ကို တွန်းလှန်သူ သူရဲကောင်းတစ်ဦး သက်သက်မျှ မဟုတ်တော့ပေ။ မြန်မာ နိုင်ငံ၏ တရားဝင် နိုင်ငံရေးစနစ်အတွင်း မှ ၀င်ရောက် လုပ်ကိုင်ရန် ဆုံးဖြတ်ထား ပြီဖြစ်ရာ သူမ၏ လုပ်ကိုင်ဆောင်ရွက်မှု များကို ဒီမိုကရေစီတိုက်ပွဲဟူသော အကြောင်းကိစ္စသာမက မြန်မာ့လူမှုရေး နှင့် စီးပွားရေး အခြေအနေ မြှင့်တင်ရန် ပါဝင် လုပ်ဆောင်မှုများဖြင့်ပါ ဆုံးဖြတ် ရတော့မည်ဖြစ်သည်။ တစ်နည်းအား ဖြင့်ဆိုရလျှင် လွှတ်တော်ပြင်ပမှ လုပ်ဆောင်မှုများဖြင့်သာမက လွှတ်တော်တွင်းမှ လုပ်ကိုင် ဆောင်ရွက်မှုများ ဖြင့်ပါ အကဲဖြတ် ကြည့်နိုင်တော့မည် ဖြစ်ပါသည်။ ဤသို့သော အနေအထား မျိုးတွင် စီးပွားရေး ပိတ်ဆို့ အရေးယူမှု များ ဖယ်ရှားရေးသည် ပြုပြင်ပြောင်းလဲ ရေးခြေလှမ်းနှင့် အရည်အသွေးအတွက် များစွာ အရေးပါနေသည်ကို အထူးသတိ ပြုသင့်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်မူ လက်ရှိ အချိန်တွင် မြန်မာပြည်တွင်း မျှော်လင့်ချက်များ မည်မျှ အတိုင်းအတာ အထိ ကြီးမားလျက်ရှိနေသည် ဟူသော အချက်ကို မဖြစ် မနေ သိထားသင့်သလို အဆိုပါ မျှော်လင့်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် အစိုးရ၏ လွဲမှားမှု များ မည်မျှ အတိုင်း အတာ အထိ ရှိနေနိုင်သည် ဟူသော အချက်ကို သိရှိထားသင့် ပါသည်။ အကြောင်းမှာ လက်တွေ့ ကျကျ ဖြစ်ပေါ်နေသော အပြောင်းအလဲ များက စီးပွားရေး လွတ်လပ်ခွင့် ရရှိရေး အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေသော မူဝါဒ ရေးရာ လုပ်ငန်းစဉ်များထက် ပို၍ နှေးကွေးသည့်အနေ အထားတွင် ရှိသောကြောင့် ဖြစ်ပါသည်။ အကယ်၍ ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ကျင့်သုံးကာ ဖိအားပေးမှုများ လုပ်ဆောင်သွားပြီး စီးပွားရေး တိုးတက်မှု ရပ်တန့်သွားမည်ဆိုပါက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကောင်းမွန်စွာ ဆောင်ကြဉ်းသွားနိုင်မည် မဟုတ်ပေ။
အတိုက်အခံ အင်အားစု အတော် များများကတော့ အစိုးရ အနေဖြင့် ကရင်နှင့် ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းမှု မဖော်ဆောင် နိုင်သရွေ့ ပိတ်ဆို့ အရေးယူမှုများကို မဖြစ်မနေ ဆက်လက် ထားရှိသွားမည်ဟု ဆော်သြကြသည်ကို တွေ့ရပါသည်။ သို့သော် ဤသို့သော ဆော်သြမှုမျိုးမှာ ကျိုးကြောင်း ဆက်စပ်မှု မရှိဟုပင် ဆိုရမည်။ အကြောင်းမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံများဖြစ်သော ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည်လည်း အလားတူ ကြောက်မက်ဖွယ်ရာကောင်းပြီး ကာလကြာရှည် စွာ အမြစ်တွယ်နေသော ပြည်တွင်း ပဋိပက္ခမျိုးနှင့် ရင်ဆိုင်နေကြရသော ကြောင့်ပင်ဖြစ်ပါသည်။ ပို၍ဆိုရလျှင် အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့ သည် ကချင်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းကိစ္စတွင် တရုတ်နိုင်ငံ ၏ အခန်းကဏ္ဍကို ခြေခြေ မြစ်မြစ် သိရှိထားပုံ မရပေ။ ကချင် တိုင်းရင်းသားများနှင့် ပဋိပက္ခတွင် တရုတ်ပြည်သည် တာဝန် မကင်းသော နိုင်ငံဖြစ်သည်။ အကြောင်းမှာ ဘေဂျင်းအစိုးရက ကချင် သူပုန်များအတွက် ခိုလှုံ နေထိုင်စရာများ ပေးနေခြင်းကြောင့် ဖြစ်သည်။
မြန်မာ ပြည်သူလူထု၏ ခံစားချက် ကို ဆန်းစစ်ကြည့်မည် ဆိုပါက ၎င်းတို့ အနေဖြင့် အတိတ်ဆီမှ ဖြစ်ရပ်များကို မေ့ချင်မှလည်း မေ့မည်၊ ခွင့်လွှတ်ချင်မှလည်း ခွင့်လွှတ်လိမ့်မည်။ သို့သော် ရှေ့ဆက် လျှောက်လှမ်းရမည့် အနာဂတ် ကို ၎င်းတို့ စိတ်ဝင်စားကြပါသည်။ လက်ရှိ အချိန်တွင် အရေးတကြီး အလေးထားရမည့် ကိစ္စမှာ မြန်မာ့ အရေး အစစ အရာရာ ပုံမှန် အနေအထားသို့ ရောက်ရှိကာ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ၀င်ဆံ့နိုင်ရေးပင်ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာ စစ်အစိုးရနှင့် စစ်ဘက် ခေါင်းဆောင်များ အပေါ် လွန်လွန် ကျူးကျူး ဆန့်ကျင်ခဲ့ကြသော နိုင်ငံများ အနေဖြင့် ယခုအခါ မြန်မာပြည်သူလူထု ၏ အကျိုးစီးပွားသာမက ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက် တာဝန်ယူလုပ် ကိုင်ပေးရတော့မည်ဖြစ်သည်။ ယင်း တာဝန်မှာ မြန်မာနိုင်ငံ အစစ အရာရာ ပုံမှန် ပြန်ဖြစ်ရေးအတွက် တတ်စွမ်းသရွေ့ အကူအညီ ပေးရေးပင်ဖြစ်သည်။ သို့မှသာ နှစ်ပေါင်းများစွာ ယိုင်နဲ့နေခဲ့သည့် မြန်မာ့စီးပွားရေး ကောင်းမွန်စွာ သက်ဝင် လှုပ်ရှားနိုင်ပေလိမ့်မည်။
(ယခုဆောင်းပါးမှာ နာမည်ကျော် Wall Street Journal မှ Bringing Burma's Economy In From the Cold ကို အခြေခံ ရေးသားထားခြင်း ဖြစ်သည်။)
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif