http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

ကံစီမံရာ ( သုဘအမေးနှင့် ဘုရားရှင်အဖြေ)

သုဘအမေး။ ။ အရှင်ဂေါတမ၊ လူတွေဟာ လူချင်းတူပါလျက် အသက် တို-ရှည်၊ ရောဂါ နည်း-များ၊ အဆင်း လှ-မလှ၊ အခြံအရံ များ-မများ၊ စည်းစိမ်ဥစ္စာ နည်း-များ၊ အမျိုး ယုတ်-မြတ်၊ ပညာ ရှိ-မဲ့ ကွဲပြားနေရတာ ဘာကြောင့်ပါလဲ?

ဘုရားရှင်ဖြေ။ ။ လုလင်၊ သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကြတယ်။ ကံရဲ့ အမွေခံတွေ ဖြစ်ကြတယ်။ ကံသာလျှင် ဆွေမျိုး။ ကံသာလျှင် မှီခိုရာ ရှိကြတယ်။ အယုတ်အမြတ် ချမ်းသာဆင်းရဲဖြစ်ဖို့ ကံသာလျှင် ဝေဖန်ပိုင်းခြားပေးနေတယ်။

သုဘအမေ။ ။လူတွေ ဘာကြောင့် အသက် တို-ရှည် ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ လုလင်၊ သူ့အသက်ကို သတ်လေ့ရှိသူ၊ ကြမ်းကြုတ်ရက်စက် သနားကြင်နာမှု ကင်းတဲ့လူဟာ သေရင် ငရဲကို ရောက်မယ်။ ငရဲမရောက်ဘဲ လူလာဖြစ်ရင် အသက်တိုရတတ်တယ်။ သူ့အသက်သက်ခြင်းမှ ရှောင်လေ့ရှိသူ၊ သနားကြင်နာတတ်သူ၊ သတ္တ၀ါတွေရဲ့ အကျိုးကို လိုလားသူဟာ သေရင် နတ်ပြည်ရောက်ရမယ်၊ လူ့ပြည်မှာ လူဖြစ်ရင်လဲ အသက်ရှည်ရတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာကြောင့် အနာရောဂါ နည်း-များ ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ တုတ်၊ လက်နက် စသည်ဖြင့် သတ္တ၀ါတွေကို ညှဉ်းဆဲနှိပ်စက်တတ်တဲ့ လူဟာ သေရင် အပါယ်ရောက်ရမယ်။ လူလာဖြစ်ရင် အနာရောဂါ များရတယ်။ အချို့လူများက ညှဉ်းဆဲနှိပ်စက်လေ့ မရှိဘူး။ သူတို့ သေသော် နတ်ပြည်မှာ ဖြစ်ရတယ်။ လူ့ပြည်မှာဖြစ်ရင်လဲ အနာရောဂါကင်းကြတယ်။

သုဘအမေး။ ။ လူတွေဘာကြောင့် ရုပ်ဆိုး-ရုပ်ချော ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ အမျက်ဒေါသကြီးတယ် မနှစ်သက်ဖွယ်စကား၊ ကြမ်းတမ်းတဲ့ စကားကို ပြောဆိုကြတယ်။ ထိုသူတွေသေရင် ငရဲရောက်ရတယ်။ လူ့ပြည့်မှာ လူလာဖြစ်ရင်လဲ အရုပ်ဆိုး အကြီးတန်ကြတယ်။ အချို့ လူတွေကတော့ အမျက်မထွက်၊ မကြမ်းတမ်း၊ သည်းခံတတ်တယ်။ ထိုသူတို့ သေရင် နတ်ပြည် ရောက်ရတယ်၊ လူလာဖြစ်ရင်လဲ အဆင်းလှပ ရူချင်ဖွယ် ရုပ်ရည် ရှိကြတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် အခြံအရံနည်းကြ-များကြပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ သူတပါးတို့ လာဘ်ရမှု၊ အရိုအသေ၊ အမြတ်အနိုး၊ အပူဇော်ခံရမှုကို မနာလို ငြူစူကြ၏။ ထိုသူတို့သေလျှင် ငရဲပြည်ကိုရောက်၍ လူဖြစ်ပြန်သောအခါ အခြံအရံမရှိ ဖြစ်ရတတ်တယ်။ သူတစ်ပါး လာဘ်ရခြင်း၊ အရိုအသေ၊ အမြတ်အနိုး၊ အပူဇော် ရှိခိုးခံရမှုကို မနာလို ၀န်တိုမှုမဖြစ်၊ ထိုသူသေသောအခါ နတ်ပြည်မှာ ဖြစ်ရတယ်။ လူလာဖြစ်ပြန်တော့လဲ အခြံအရံ များကြရတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာ့ကြောင့် စည်းစိမ် နည်း-များ ကွဲပြားကြပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ သမဏဗြဟ္မဏခေါ် ရဟန်းပုဏ္ဏားတွေကို ပေးလှူပူဇော်မှု မပြုကြဘူး။ ပေးလှူလို့ အကျိုးမရှိဟု မှားယွင်းစွာ ယူဆကြတယ်။ ထိုလူတွေ သေတဲ့အခါ င၇ဲမှာ ဖြစ်ရတယ်။ လူလာဖြစ်ပြန်တော့ စည်းစိမ်ဥစ္စာ နည်းပါးကြတယ်။ အချို့ကတော့ သမဏဗြဟ္မဏ ရဟန်းပုဏ္ဏား တွေကို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို ပေးလှူကြတယ်။ ထိုသူတွေဟာသေရင် နတ်ပြည်ရောက်ရတယ်။ လူလာဖြစ်ပြန်ရင် စည်းစိမ်ဥစ္စာ ပေါများကြတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာကြောင့် အမျိုးယုတ်ကြ မြတ်ကြပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ မာန်မာန ခက်ထန်ထောင်လွှားကြတယ်။ ရိုသေမြတ်နှိုး ရှိခိုးပူဇော်ထိုက်သူကို မရိုသေ မမြတ်နိုး၊ မရှိခိုး၊ မပူဇော်၊ ထိုသူတို့ သေရင် ငရဲပြည်မှာဖြစ်၍ လူဖြစ်ပြန်သောအခါ အမျိုးယုတ်မာ အောက်ကျ နောက်ကျ ဘ၀မှာ ဆင်းဆင်းရဲရဲ ဘ၀မှာ လာဖြစ်ရတယ်။ အချို့ လူများကတော့ မာန်မာန မထောင်၊ ရိုသေမြတ်နိုး ရှိခိုးပူဇော်ထိုက် သူကို ပူဇော်တယ် ။ထိုသူ သေရင် နတ်ပြည်ရောက်တယ်။ လူ့ပြည်လာဖြစ်ရင် အမျိုးမြတ်၍ ဂုဏ်သရေရှိ အထက်တန်းလွှာမှာ လာဖြစ်ရတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် ပညာမဲ့ ပညာရှိ ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့သူများသည် သာမဏဗြာဟ္မဏ ပညာတတ်မြောက်သူကို ချဉ်းကပ်၍ ဆွေးနွေးမေးမြန်း နာခံမှတ်သားလေ့ မရှိ၊ ထိုလူမျိုးသေရင် ငရဲဖြစ်ရတတ်၍ လူဖြစ်လာသောအခါ ပညာမဲ့ကြ၏။ ဥာဏ်ထိုင်းကြ၏။ အချို့သူများကား သမဏဗြဟ္မဏ ရဟန်းပုဏ္ဏားတို့ထံ ချဉ်းကပ်လျက် အကောင်းအဆိုး အကြောင်းအကျိုး တရားသဘောတို့ကို ဆွေးနွေးမေးမြန်းကြ၏။ ထိုသူတို့ သေသော် နတ်ပြည်မှာ ဖြစ်၍ လူဖြစ်လာပြန်သောအခါ ပညာရှိ၏။ ဥာဏ်ထက်မြက်၏။

မေး။ ။ အထက်ပါ မကောင်းမှု ကောင်းမှုတွေဟာ နောက်ဘ၀မှာ အကျိုးပေးပါသလား။ ဒီပစ္စုပ္ပန်ဘ၀မှာ အကျိုး မပေးဘူးလား?

ဖြေ။ ။ အထက်ပါ ကောင်းမှုတွေကို ပြုလုပ်သူတွေဟာ အခုဘ၀မှာ လက်ငင်းဒိဌ အကျိုးတွေကို ခံစားနိုင်ပါတယ်။ မကောင်းတဲ့ အပြစ်တွေကို ပြုလုပ်တဲ့ သူတွေဟာ ချက်ချင်းလက်ငင်း မကောင်းတဲ့ အကျိုးကို ခံစားကြရပါတယ်။ ဒါတွေကတော့ မျက်မြင်ဒိဌဖြစ်လို့ ဘုရားရှင်က သီးခြား မဟောတာဖြစ်ပါတယ်။ သုဘက မေးလို့ ဘုရားရှင် ဖြေထားတဲ့ မိမိပြုသမျှ ကံသာလျှင် အကြောင်းရင်း၊ ထိုကံ၏ အမွေခံသာ ဖြစ်ကြရမည်ကို နှလုံးသွင်းပြီး ကောင်းတဲ့အကျိုးတွေရအောင် ကောင်းတာတွေ လုပ်ဖို့ မကောင်းတဲ့အကျိုးတွေ မဖြစ်ရအောင် မကောင်းတာတွေ မလုပ်မိအောင် သတိပြုအပ်ပေသတည်။

ဘာသာရေးစာအုပ် တစ်အုပ်မှ ဖတ်ဖူးတာလေးကို ကိုးကားရေးသားထားပြီး သတိရလို့ ပြန်လည်မျှဝေပေးထားခြင်း ဖြစ်ပါတယ်ရှင်။ ဖတ်ရင်းနဲ့ မှတ်စုစာအုပ်မှာ ရေးမှတ်ထားတာ ကြာပြီဖြစ်တဲ့အတွက် မှတ်ဉာဏ်သိပ်မကောင်းပါသဖြင့် စာအုပ်နာမည်တော့ အတိအကျမသိတော့လို့ နားလည်ခွှင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 ရွှေမြန်မာဦးယဉ် မှကူးယူတင်ပြသည်
 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif