http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

ကား ပါ မစ် ဝယ်ထား သူ များ ကျပ်သိန်း ၇ဝ ကျော် အ ရှုံးပေါ်



၂ဝဝ၇ ခုနှစ်အထက် မော်တော်ယာဉ်များကို လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်၍ ယခင် မော်ဒယ်မြင့်ကား တင်သွင်းခွင့်ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၇ဝ ကျော်ခန့် အရှုံးပေါ်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
၂ဝဝ၇ ခုနှစ်အထက် မော်ဒယ်မြင့် ကားပါမစ်များကို ယခင် သင်္ဘောသားများနှင့် နိုင်ငံခြား၌ အလုပ်သွားရောက် လုပ်ကိုင်နေသူများသာ တင်သွင်းခွင့်ရသည့် အနေအထား မှ ယခုအခါ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့၌ နိုင်ငံခြားငွေဘဏ်စာရင်း ဖွင့်လှစ်ထားသူတိုင်း လွတ်လပ် စွာ တင်သွင်းခွင့် ပြုလိုက်သည်။
”ဒီလိုမျိုး ခွင့်ပြုလိုက်တဲ့ဟာက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျတော့ ကောင်းတဲ့ဟာပဲ။ ဒီအစီအစဉ်ကို ကြိုဆိုတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ အစီအစဉ်တစ်ခု လုပ်မယ်ဆိုရင် စီမံကိန်းတော့ ရှိသင့်သလို ကြိုတင်ပြီး အချိန်ပေး ကြေညာခဲ့ရင် ဒီထက်ပိုကောင်းမယ်။ အခုဟာက သင်္ဘောသားတွေနဲ့ နိုင်ငံခြားမှာ အလုပ်လုပ် တဲ့သူတွေ က ပါမစ်တစ်စောင်က အမြတ်လေးနည်း နည်းလောက်ရဖို့အတွက် နိုင်ငံခြားမှာ အလုပ်ကနေခွင့်ယူ၊ ဒီမှာ လေယာဉ်လက်မှတ်ခ အကုန်ခံပြီး အကောင့်လာဖွင့်၊ ပြီးတော့ ရုံးမှာ မနက်အစောကြီး ၅ နာရီလောက်ကတည်းက တန်းစီပြီးစောင့်၊ ပြီးရင် ပါမစ်ကျဖို့အတွက် တစ်လလောက်ထိုင်စောင့် အဲလိုတွေ လုပ်ခဲ့ရတာကနေ အခုကျတော့ အားလုံးကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်တဲ့ အခါကျတော့ သူတို့တွေအတွက် ထိခိုက်မှုတွေ ရှိလာတယ်။ ဘယ်လိုပဲပြောပြော သူတို့တွေက လူနည်းစုတွေ ဆိုသော်ငြားလည်း ဟိုဘက်နဲ့ ဒီဘက်ပေါင်းလိုက်ရင် လူအတော်များများ အရှုံးပေါ်သွားတယ်။ အဲဒီလူတွေအတွက် အစိုးရအနေနဲ့ အခုလိုလုပ်မယ်ဆိုရင် ကြိုပြီး အသိပေး ကြေညာသင့်ပါတယ်”  ဟု ကားတင်သွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။
ထိုသို့ မော်ဒယ်မြင့်ကား တင်သွင်းခွင့်ပါမစ်ရထားသည့် သင်္ဘောသားများနှင့် နိုင်ငံခြား၌ အလုပ်လုပ်နေသူများ ပါမစ်ကြေး အရှုံးပေါ်နေသလို ကားဈေးကွက်တွင်း၌ အမြင့် ကား လက်ဝယ်ကိုင်ဆောင် ထားသူများလည်း အရှုံးပေါ်နေကြောင်း၊ အမြင့်ကား ဈေးကွက်မှာလည်း လတ်တလောအခြေအနေ၌ ဈေးကွက်ပျောက်ဆုံးသွားကြောင်း ဟံသာဝတီ ကားဈေးကွက်တွင်းမှ အမြင့် ကားဝယ်ရောင်းတစ်ဦးက ပြောသည်။
၎င်းက လက်ရှိဝယ်ရောင်း ကားဈေးကွက်တွင် အနိမ့်ကားမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ယခင်လူကြိုက်များခဲ့သည့် မော်ဒယ်မြင့်ကားများမှာ ပေါက်ဈေး ခေါ်ဈေး မရှိတော့ကြောင်း၊ လက်ထဲတွင် ကိုင်ထားရမည့်အနေအထား ရောက်နေကြောင်း ပြည်တွင်းကားဈေး ကွက်အခြေအနေအားရှင်းပြသည်။
”ကြိုတင်အသိပေး ကြေညာမှုတွေ မလုပ်တဲ့အတွက် ထိခိုက်နစ်နာသွားမယ့်သူတွေ ရှိသွားနိုင်တယ်။ ဒါကြောင့် အရာရာတိုင်းမှာ အကျိုးသက်ရောက်မှုကို ထည့်စဉ်းစားရ မယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် အခုလုပ်နေတဲ့ပုံက အရင်တုန်းက အစိုးရလုပ်ခဲ့တဲ့ အတိုင်းဖြစ်နေမယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
ယခုလို အခြေအနေမျိုးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်လျှင် နိုင်ငံခြားသားများက စဉ်းစားနိုင်ကြောင်း ၄င်းက ပြော သည်။
”ကျွန်တော်တို့ဆီက ပေါ်လစီက အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတယ်။ ဒါတွေကြောင့် ဘယ်သူမှလာပြီး ဒီမှာရင်းနှီးမြှုပ်နှံမှု လုပ်ကြမှာမဟုတ်ဘူး။ ပြည်တွင်းမှာ ရှိတဲ့သူတွေတောင် စိတ်ညစ်နေတယ်။ ဒီအခြေအနေမှာ ဒါကကောင်းတဲ့ လက္ခဏာမဟုတ်တော့ဘူး။ အခု လုပ်တဲ့ဟာကလည်း မကောင်းတဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူတွေကို ကြိုတင်ကြေညာ သင့်တယ်။ အဲဒါမှ ပြည်သူတွေက ကြိုတင်ပြင်ဆင်သင့်တာကို ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာစိုးထွန်း က ထောက်ပြပြောသည်။
popularmyanmar.com/mpaper/archives/41939

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif