မြန်မာအမျိုးသမီး လုပ်သားများ ကိုရီးယားနိုင်ငံသို့ စေလွှတ်မည်ဆိုပါက လက်ခံရန် မခဲယဉ်းကြောင်း ကိုရီးယားသံရုံးမှ စီးပွားရေး သံမှူးက ပြောသည်။ “မြန်မာနိုင်ငံဘက်က ဆုံးဖြတ်ရမယ့်အပိုင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က ခွင့်ပြုတယ်ဆို ကိုရီးယားဘက်ကလည်း လက်ခံဖို့ မခဲယဉ်းဘူး။ ပြဿနာလည်း မရှိပါဘူး” ဟု အထက်ပါ စီးပွားရေးသံမှူး ဒေါက်တာ Park Chulho က ပြောသည်။
လက်ရှိ အချိန်တွင် ကိုရီးယားသို့ မြန်မာအမျိုးသား လုပ်သားများသာ စေလွှတ်လျက် ရှိသည်။ အမျိုးသမီး လုပ်သားများ စေလွှတ်ရန်အတွက် မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ ကိုရီးယားဘက်သို့ ၂၀၁၁ ခုနှစ်တွင် မေးမြန်းမှုများ ပြုခဲ့ပြီး လက်ရှိ အချိန်တွင်မူ ကိုရီးယားသို့ အမျိုးသမီးများ သွားရောက် အလုပ်လုပ်ကိုင်ခြင်း မရှိသေးပေ။ တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၅ နိုင်ငံမှ အလုပ်သမားများကို Employment Permit System ဖြင့် နှစ်စဉ်ခေါ်ယူခြင်း ဖြစ်ပြီး ဗီယက်နမ်နိုင်ငံသားများကို အများဆုံး ခေါ်ယူလျက် ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများမှ အမျိုးသမီး လုပ်သားများလည်း EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်မှုများ ရှိနေပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားမှ အမျိုးသမီးများမှာ အများဆုံး ဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာအလုပ်သမား တစ်ဦးက အွန်လိုင်းမှ ပြောသည်။
“တခြားနိုင်ငံက အမျိုးသမီးတွေတော့ ဒီမှာလာလုပ်တာတွေ ရှိတယ်ဗျ။ သူတို့စနစ်က လုံခြုံမှု ရှိပါတယ်” ဟု ၎င်းက ပြောသည်။ အကယ်၍ မြန်မာအမျိုးသမီး လုပ်သားများ ကိုရီးယားသို့ စေလွှတ်မည်ဆိုပါက အမျိုးသား လုပ်သားများနှင့် တန်းတူ လုပ်ခလစာ ရရှိမည်ဖြစ်ကြောင်း ဒေါက်တာ Park Chulho က ပြောသည်။ “ကိုရီးယားမှာ လုပ်ခလစာ ကွာခြားတာတော့ မရှိပါဘူး။ ယောက်ျားလေးနဲ့ မိန်းကလေး တန်းတူ ရှိပါတယ်။ ကိုယ်လုပ်တဲ့ ကုမ္ပဏီအလိုက် ကွာသွားတာမျိုးတော့ ရှိနိုင်ပါတယ်။ အစိုးရအနေနဲ့ကလည်း အနိမ့်ဆုံးလစာ သတ်မှတ်ပေးထားတာမျိုး ရှိတော့ သူတို့ဘာသာ သူတို့ ညှိပြီး ပေးပါတယ်” ဟု ဒေါက်တာ Park Chulho က ပြောသည်။
ကိုရီးယား လုပ်ငန်းရှင်များကလည်း မြန်မာလုပ်သားများကို သဘောကျ နှစ်ခြိုက်ကြသည့်အတွက် နောက်ပိုင်းတွင် ယခုခေါ်ယူသည့် အရေအတွက်ထက် ပိုမိုတိုးလာနိုင်ကြောင်း ၎င်းက ပြောသည်။ မြန်မာမှ ကိုရီးယားသို့ EPS စနစ်ဖြင့် လုပ်သား စေလွှတ်မှုကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကုန်တွင်မူ ခေတ္တရပ်နားထားခဲ့သည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာမှ စ၍ နှစ်နိုင်ငံ Government to Government စနစ်ဖြင့် မြန်မာ အလုပ်သမားများကို ပြန်လည်ခေါ်ယူခဲ့သည်။ များသောအားဖြင့် မြန်မာ လုပ်သားများသည် ကိုရီးယားနိုင်ငံရှိ ရော်ဘာလုပ်ငန်း၊ ကားပစ္စည်း စက်ရုံ၊ ကွန်ပျူတာပစ္စည်း အစိတ်အပိုင်း စက်ရုံနှင့် သစ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေကြသည်။ http://yoyarlay.com/local-news/local-news/l-local-news/24589-2012-03-23-06-43-22#

Kuala Lumpur Time

0 comments:
Post a Comment