http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 Mar 2012

ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာနေ ဦးဝင်းခင်နဲ့ ဦးညီကို တရားစွဲဆိုထားတဲ့ ကိစ္စ

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ ကွင်းအမှတ် ၃၂၅၉၊ ဦးပိုင်အမှတ် (၅၃/ဃ)၊ ဧရိယာ (၀.၇၃) ဧကရှိ မြေကွက်ထဲက ပေ ၆၀၊ ပေ ၁၄၀ ရှိ မြေကွက်ကို မူလနေထိုင် အသုံးပြုနေတဲ့ ဦးညီထံက ၂၀၁၁၊ မတ်လ ၂၂ ရက်နေ့တွင် ငွေကျပ် သိန်း ၁၆၀ နဲ့ ၀ယ်ယူထားတဲ့ ဦးဝင်းခင်နဲ့ ရောင်းချသူ ဦးညီတို့ကို ၀က်လက်မြို့နယ်၊ မြေစာရင်းဦးစီးဌာနက ၂၀၁၁၊ မေလ ၃ ရက်နေ့တွင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၄၈ အရ တရားစွဲဆိုထားခြင်းနဲ့ ပုဒ်မ ၄၈ (က) တို့နဲ့ ထပ်မံ တရားစွဲဆိုထားခြင်းကိစ္စများနဲ့ ပတ်သက်ပြီး ဦးဝင်းခင်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာ ပေးပို့ အသိပေး တင်ပြထားကြောင်း သိရှိရပါတယ်။စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကျေးရွာတခု ဖြစ်ကာ မူလကျေးရွာက လူနေအိမ်ခြေများအနေနဲ့ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနတွင် လူနေအိမ်ခြေအဖြစ် နေထိုင်ဖို့ စာရင်းပေါက်ပေမယ့် တိုးချဲ့နေထိုင်ကြတဲ့ လူနေအိမ်ခြေများအတွက်တော့ လူနေအိမ်ခြေအဖြစ် နေထိုင်နိုင်တဲ့ စာရင်းမှာ မပါဝင်ဘဲ လယ်ယာမြေအဖြစ်သာ စာရင်းရှိနေကြောင်း အခုအချိန်မှာ အမှုရင်ဆိုင်နေရတဲ့ ဦးဝင်းခင်က ပြောပြပါတယ်။ လူနေအိမ်ခြေအဖြစ် နေထိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနတွင် စာရင်းမပေါက်ဘဲ နေထိုင်နေကြတဲ့ လူနေအိမ်ခြေပေါင်း နှစ်ရာကျော်ခန့် ရှိကြောင်း၊ အဲဒီလို အိမ်ခြေပေါင်း နှစ်ရာကျော် ရှိနေသော်လည်း ဦးညီနဲ့ ဦးဝင်းခင်တို့ နှစ်ဦးထဲကိုသာ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက တရားစွဲဆိုထားခြင်းဖြစ်ကြောင်းလည်း ဦးဝင်းခင်က ရှင်းပြပါတယ်။ ဦးညီနဲ့ ဦးဝင်းခင်တို့ကို မြေစာရင်းဦးစီးဌာနက ပုဒ်မ ၄၈ အရ တရားစွဲဆိုထားရာ ထိုအမှုနဲ့ ပတ်သက်ပြီး မြို့နယ်တရားရုံးက ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်ရန်နဲ့ ဒဏ်ငွေ မဆောင်နိုင်ပါက ထောင်ဒဏ်တလ ကျခံဖို့ အမိန့်ချထားကြောင်း၊ ထိုအမှုနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် တရားရုံးတွင် ဆက်လက် အမှု ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ ခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရခိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပုဒ်မ ၄၈ (က) နဲ့ ထပ်ပြီး တရားစွဲဆိုထားကြောင်းလည်း သိရပါတယ်။ကျေးရွာရှိ အခြား လူနေအိမ်ခြေများအား တရားစွဲဆိုခြင်း မရှိဘဲ ဘာ့ကြောင့် ဦးညီနဲ့ ဦးဝင်းခင်တို့ နှစ်ဦးထဲကိုသာ တရားစွဲဆိုထားရပါသလဲလို့ မေးမြန်းကြည့်တဲ့အခါ မြေကွက် ရောင်းချသူ ဦးညီဟာ ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်း တဦးဖြစ်ကြောင်း၊ ရပ်ရွာအတွင်း အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုရင် ထိုစဉ်က ရပ်ရွာ အာဏာပိုင်ဖြစ်သူ ဦးဇော်တင့်ကို ငွေကျပ် တရာလျှင် သုံးကျပ်နှုန်း လာဘ်ငွေ ပေးရကြောင်း၊ ဦးညီက ဦးဝင်းခင်အား နေအိမ်ခြံဝင်းကို ငွေကျပ် သိန်း ၁၆၀ နဲ့ ရောင်းချစဉ် လာဘ်ငွေ ၄ သိန်း ၈ သောင်း မပေးလိုတဲ့အတွက် ဦးဝင်းခင်နဲ့ အရောင်းအ၀ယ် စာချုပ်ဆိုတဲ့အခါ အရပ်စာချုပ်ဘဲ ချုပ်ဆိုခဲ့ပြီး ရပ်ရွာအာဏာပိုင်နဲ့ မြေစာရင်းဌာနကို လာဘ်ငွေ မပေးခဲ့ကြောင်း၊ ဦးဝင်းခင်ရဲ့ အိမ်အမှတ်ဟာ ၆၉၃ ဖြစ်ကာ ဦးညီရဲ့ အိမ်အမှတ်ကတော့ ၇၀၇ ဖြစ်ကြောင်း သိရပါတယ်။အရောင်းအ၀ယ် ပြုလုပ်ပြီး တိုက်အိမ်အဖြစ် ဆောက်လုပ်စဉ် တိုင်းအာဏာပိုင်တဦး ခရီးထွက်တဲ့အခိုက် တွေ့မြင်သွားပြီး လက်ညှိုးထိုး မေးမြန်းခဲ့ရာမှ စတင်ကာ ဦးညီနဲ့ ဦးဝင်းခင်ကို ၁၉၅၃ ခုနှစ်က ဥပဒေနဲ့ တရားစွဲဆိုမှု ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါတယ်။ တရား ရင်ဆိုင်နေရစဉ်အတွင်း ယခင် ကျေးရွာ ပြည်သူ့ကောင်စီ အပါအ၀င် ကျေးရွာအာဏာပိုင်များ၊ ရပ်မိရပ်ဖများအား သက်သေထားပြီး ယခု အိမ်ဆောက်နေတဲ့ နေရာဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်မှ စတင်ကာ လူနေအိမ်များ ဆောက်လုပ်နေထိုင်ခဲ့ကြောင်း၊ လယ်ယာမြေအဖြစ် သီးနှံ စိုက်ပျိုးခြင်း မရှိတဲ့အပြင် မြေခွန် ကောက်ခံမှုလည်း မရှိခဲ့ကြောင်း ထွက်ဆိုခဲ့သော်လည်း ဒဏ်ငွေ ၂၀၀ ကျပ်နဲ့ ဒဏ်ငွေ မဆောင်နိုင်ပါက ထောင်ဒဏ် တလ ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမှုကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်အာဏာပိုင် ဦးအောင်မြင့်က ၀န်ကြီးချုပ် ဦးသာအေးက လက်ညှိုးထိုးကာ မေးမြန်းသွားတဲ့အတွက် တရားမစွဲလို့ မရတော့ကြောင်း၊ အမှုကိစ္စအတွက် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးထံ အသနားခံစာ တင်ဖို့ အကြံပြုတဲ့အတွက် သုံးကြိမ်တိတိ အသနားခံ တင်ပြခဲ့သော်လည်း အမှုကိစ္စအတွက် အခြေအနေ မထူးခြားလာခဲ့ဘဲ ပုဒ်မ ၄၈ (က) နဲ့ ထပ်ပြီး တရားစွဲဆိုခံနေရတာ ဖြစ်ကြောင်း သိရပါတယ်။မြန်မာနိုင်ငံမှာ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှ စတင်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်အထိ တရားဥပဒေ စိုးမိုးမှု ဆိတ်သုဉ်းခဲ့ရပြီး တရားဥပဒေဆိုတာ အာဏာပိုင်များက ပြည်သူများကို နှိပ်ကွပ်ရန်အတွက် အသုံးပြုတဲ့ ယန္တယားတခုလိုသာ ဖြစ်ခဲ့ပါတယ်။ အောက်ခြေပြည်သူများအနေနဲ့ အစိုးရနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရာတွင် အမြဲလိုလို နီးစပ်ရာ အာဏာပိုင်များအား လာဘ်ငွေပေးဆောင်ကာ နားလည်မှု ပြုပြီး လုပ်ကိုင်ခဲ့ရတဲ့အတွက် အဆင်ပြေမှုများ ရှိခဲ့သလို အခု တရားစွဲခံနေရတဲ့ ဦးညီနဲ့ ဦးဝင်းခင်အဖြစ်ကဲ့သို့ အမှုအခင်းများစွာ ဖြစ်ပွားလေ့ရှိတာကိုလည်း သိရှိနေရပါတယ်။ လက်ရှိအာဏာပိုင်တွေအနေနဲ့ ထိုကဲ့သို့ အမှုအခင်းပေါင်းများစွာကို ကိုင်တွယ် ဖြေရှင်းရဖွယ်ရှိပြီး တိကျမှန်ကန်ပြီး ခေတ်နဲ့ လျော်ညီတဲ့ တရားဥပဒေများ အသက်ဝင်လာရေး၊ အစိုးရနဲ့ ပြည်သူအပေါ် တသားတည်း သက်ရောက်တဲ့ တရားဥပဒေစနစ် ပေါ်ပေါက်လာရေးအတွက် ပြုပြင်စရာတွေ အများကြီး ပြုလုပ်ဖို့ လိုအပ်နေသေးတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။            http://burmatoday.net/news.php?news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif