အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ် တင်ပြချက်များကို ၂၀၁၂၊ မတ်လ ၁၄ ရက်နေ့ ည ၈ နာရီ သတင်း ထုတ်လွှင့်ချက်အပြီးတွင် မြန်မာ့ရုပ်မြင်သံကြား၊ အမ်မ်အာတီဗီ ၄ (MRTV 4) နဲ့ မြ၀တီရုပ်မြင်သံကြားတို့က ထုတ်လွှင့် ပြသခဲ့ရာ မြန်မာပြည်သူအများ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကာလမှ စတင်ကာ မြန်မာ့နိုင်ငံရေးလောကကို ၀င်ရောက်လာခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို နိုင်ငံရေးသမားကြီးများ၊ တတ်သိပညာရှင်များ၊ မြန်မာ့တပ်မတော်အရာရှိဟောင်းများနဲ့ ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုများကို မနှစ်မြို့တဲ့ မြန်မာစစ်ဗိုလ်ချုပ်များဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ၁၅ နှစ်ကျော်ကြာအောင် နေအိမ် အကျယ်ချုပ် ဖမ်းဆီးခဲ့သလို နေအိမ်ပိုင်ဆိုင်မှု တရားစွဲဆိုခြင်း၊ အစိုးရပိုင် သတင်းစာများကတဆင့် ပုတ်ခတ် စော်ကားခြင်း၊ မကောင်းသတင်း ဖြန့်ချိခြင်း အပါအ၀င် နည်းမျိုးစုံနဲ့ အမည်၊ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ကြိုးပမ်းခဲ့ပါတယ်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များရဲ့ ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီးတွင် ၂၀၀၃ မေ ၃၀ ရက်နေ့ ညနေပိုင်းက မြန်မာစစ်အာဏာရှင်များရဲ့ အလိုတော်ရိများလို့ ယူဆရတဲ့ အဖွဲ့က တိုက်ခိုက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။ ထိုသို့ မြန်မာအာဏာပိုင်များရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာက နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပြင် ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့သလို အကြမ်းမဖက် ငြိမ်းချမ်းရေးတိုက်ပွဲရဲ့ ပြယုဂ်အဖြစ် လေးစားဂုဏ်ပြုခဲ့ကြပါတယ်။ မြန်မာအာဏာပိုင်များအနေနဲ့ နှစ် ၂၀ ကျော်ကြာအောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား တင်းမာခဲ့ကြသော်လည်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်သွယ်မှု ပိုမို ချောမွေ့လာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်မှုအစီအစဉ်အဖြစ် ၂၀၁၂ မတ်လ ၁၄ ရက်နေ့ ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့ရုပ်မြင်သံကြား၊ အမ်မ်အာတီဗီ ၄ (MRTV 4) နဲ့ မြ၀တီရုပ်မြင်သံကြားတို့ကနေ ပါတီရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်များ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ အစိုးရရဲ့ ဖိနှိပ်မှုကို နှစ်ပေါင်း ၂၀ ကျော်ကြာ ခံလာရတဲ့ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောထားများကို မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင်နဲ့ အစိုးရ ထိမ်းချုပ်မှုနဲ့ မလွတ်ကင်းတဲ့ ရုပ်သံလွှင့်ဌာနများကနေ ထုတ်လွှင့်ခဲ့ခြင်းကို မြန်မာပြည်သူများ အထူးတလည် စိတ်ဝင်းစားခဲ့ကြကြောင်း သတင်းရရှိပါတယ်။ (သတင်းဓါတ်ပုံ - ဒီမိုကောင်းကင်)
သတင်း - ဒေါ်အောင်ဆန်းစုကြည် ရုပ်သံထုတ်လွှင့်မှု - Mar 15 2012 06:32 AM EST
0 comments:
Post a Comment