http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Jan 2013

ညောင်တုန်း ဆန္ဒပြခေါင်းဆောင်များကို ရဲက ဖမ်းဆီး



ဆန္ဒပြလယ်သမားနှင့် ရေလုပ်သားများ၊  ဓာတ်ပုံ- သန့်စင်ငြိမ်းချမ်း


သန့်စင်ငြိမ်းချမ်း ~
  
လယ်မြေသိမ်းခံရမှုများနှင့် ရေလုပ်သားတို့၏ နစ်နာမှုများအတွက် ယခုလ ၁၇ ရက်နေ့က ဆန္ဒ ဖော်ထုတ် ခဲ့ကြ သည့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ လယ်သမားနှင့် ရေလုပ်သားခေါင်းဆောင် ၄ ဦး အား ညောင်တုန်းရဲတပ်ဖွဲ့က ယမန်နေ့ကဖမ်းဆီးလိုက်ကြောင်း သိရသည်။ 



ဆန္ဒဖော်ထုတ် စီတန်းလှည့်လည်ရာတွင် မူလတင်ပြထားသည့်နေရာများထက် ကျော်လွန်၍ လှည့်လည် ခဲ့ခြင်း၊ ပိုစတာများကျော်လွန်ကိုင်ဆောင်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ ပြစ်မှုနံပါတ် ၂၄/၂၀၁၃ ဖြင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) အရ ယနေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ 

“သူတို့ကို ဖမ်းထားတယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့က သတ်မှတ်တဲ့ လမ်းကြောင်းအတိုင်း မသွားတာနဲ့ သတ်မှတ်တဲ့ဆိုင်းဘုတ်တို့ ပိုစတာတို့ကို မကိုင်ဘဲ တခြား မလိုလားအပ်တဲ့ ပိုစတာတွေ ကိုင်လို့ပါ” ဟု ညောင်းတုန်း မြို့ နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် ဦးတင်မောင်ဆွေက ဧရာဝတီကို ပြောသည်။ 

 ညောင်တုန်းရဲစခန်းတွင် အဖမ်းခံထားရသူများမှာ လယ်သမားနှင့်ရေလုပ်သား ခေါင်းဆောင်များဖြစ်သည့် ဦးသန်းထွန်း၊ ကိုလှိုင်ဦး၊ ကိုလှမျိုးနိုင်နှင့် ကိုဝင်းကြိုင်တို့ဖြစ်ပြီး ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလို 
ပြုလုပ်၍ တိုင်တန်းခြင်းကြောင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။ 



ဆန္ဒဖော်ထုတ်သူများက ခွင့်ပြု မိန့်ချပေးရာတွင် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မချီတက်ခဲ့ 
ခြင်းမှာ ဆန္ဒပြရာတွင်ပါဝင်သည့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ကျန်းမာ
ရေး အခြေအနေကြောင့်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်မှ ကိုမြင့်နိုင်က ပြောသည်။ 

“ဆန္ဒပြပွဲမှာပါတဲ့ အဘိုးကြီးအဘွားကြီးတွေ အမျိုးသမီးတွေ ကလေးတွေက နေပူကြဲကြဲအောက်မှာ လမ်း 
လျှောက်နေတာ ၃ နာရီလောက်ဖြစ်နေတော့ အရမ်း ပင်ပန်းနေကြပြီ။ အဲတော့ ကျန်းမာရေးထိ ခိုက်တာ 
တွေ မူးလဲတာတွေဖြစ်မှာစိုးတဲ့အတွက် မူလလမ်းကြောင်းအတိုင်း မသွားတော့ဘဲ သွန်း ဘုရားကြီး ကို ဘုရားဝင်ဖူးကြပြီး လူစုခွဲလိုက်ကြတာပါ။ ဒီလိုလုပ်လိုက်လို့ အစိုးရကိုလည်း ဘာမှ မထိခိုက်သလို ပြည်သူ လူထုကိုလည်း ဘာမှထိခိုက်ခြင်း မရှိခဲ့ပါဘူး”ဟု သူက ပြောသည်။ 

လက်ရှိတွင် ညောင်တုန်းရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသူများအား အာမခံရရှိရန် လယ်သမားများက ကြိုးပမ်းနေကြောင်း သိရသည်။ 

ယင်းဒေသတွင် ရေနက်ကွင်းလယ်ယာမြေများဖော်ထုတ်ရန်အတွက်ဟုဆိုကာ ၁၉၉၅ ခုနှစ် တွင် ညောင်တုန်း စစ်မှု ထမ်းဟောင်းအဖွဲ့က မြေဧက ၁၀၀၀ ခန့် သိမ်းယူခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ဧက ၆၀၀ ကျော် သိမ်းယူခဲ့သည်ဟု လယ်သမားများက ပြောသည်။ 

ထို့ပြင် ညောင်တုန်းမြို့နယ် ကတုက္ကမကျေးရွာအုပ်စုရှိ လယ်ဧက ၃၀၀၀ ကျော်အား ဇာတိမာန် ကုမ္ပဏီက လည်းကောင်း၊ ငှက်ပျောကျွန်းရွာအနီးရှိ လယ်ဧက ၂၀၀ ကျော်အား ၀ါဝါ၀င်း ကုမ္ပဏီကလည်းကောင်း ၂၀၀၆ ခုနှစ်တွင် အသီးသီး သိမ်းယူခဲ့ကြောင်း သိရသည်။ 

ထိုသို့ လျော်ကြေးမပေးဘဲ လယ်ယာမြေများသိမ်းယူခံခဲ့ရသည့်အတွက် ဒေသခံ လယ်သမားများမှာ လယ်မဲ့ယာမဲ့ဘ၀ဖြင့် စားဝတ်နေရေးကြပ်တည်းကြပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသဖြင့် လူမှုဘ၀များဘက်စုံ နိမ့်ကျခဲ့ရကြောင်း လိုက်ပါကူညီနေသည့် လူ့အခွင့်ရေးလှုပ်ရှားသူများက ဆိုသည်။ 

ထို့ပြင် လူထုလုပ်အားဖြင့် တူးဖော်ထားသည့် မလက်တို - မဲဇလီ ပေ ၁၀၀ တူးမြောင်းအား တင်ဒါချထား သည့်အတွက် လယ်ယာကိုင်းခြံများ ရေအသုံးပြုခွင့်မရဘဲ ကျောင်းသား ပြည်သူများ သွားလာရေးခက်ခဲ သည့်ပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။ 

ထို့ကြောင့် လယ်သမားနှင့် ရေလုပ်သား ၆၀၀ ကျော်က သိမ်းဆည်းခံထားရသည့် လယ်ယာမြေဧက ၄၈၀၀ ကျော်အား ပြန်ပေးရန်နှင့် တူးမြောင်းများနှင့် အင်းအိုင်တချို့အား တင်ဒါချထားခြင်း မပြုဘဲ ပြည်သူ လူထု ရှာဖွေစားသောက်ခွင့်ပေးရန် ယခုလ ၁၇ ရက်နေ့က ညောင်တုန်းမြို့တွင် လှည့်လည် ဆန္ဒဖော် ထုတ်ခဲ့ကြသည်။ 

ဆန္ဒဖော်ထုတ်ခဲ့ကြသူများမှာ “သက်ဆိုင်ရာ ရေပြင် တူးမြောင်းများအတွင်း လွပ်လပ်စွာ ရှာဖွေစားသောက် ခွင့်ပြုရန်”၊ “အင်းစည်းကမ်း ဖောက်ဖျက်သော အင်းသူကြီးနှင့် ပူးပေါင်းကူညီသူများအား အရေးယူပေးရန်” စသည့် ပိုစတာများကိုင်ဆောင်ပြီး နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲခန့်အချိန်အထိ မြို့တွင်းသို့ လှည့် လည်ပြီးနောက် မြို့နယ်ငါးလုပ်ငန်းရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှုကို အဆုံးသတ်ခဲ့ကြသည်။ 

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သတ်၍ ပုသိမ်မြို့တွင်ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ခေါင်းဆောင် ၃ ဦးအား စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့် အရေးယူခြင်းများ ရှိခဲ့သည်။ 
http://blog.irrawaddy.org/2013/01/blog-post_4796.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif