http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ကြားဖြတ် ရွေးကောက်ပွဲကို အနောက်နိုင်ငံ လေ့လာသူများ လာရောက်ရန် မြန်မာအစိုးရက ဖိတ်ခေါ်

၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနိုင်ငံများက လေ့လာသူများ လာရောက်ကြရန် မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ကြောင်း သိရှိရပါတယ်။ ထို ဖိတ်ခေါ်ချက်ဟာ မြန်မာသမ္မတ ဦးသိန်းစိန် ကမ္ဘောဒီယားနိုင်ငံကို ရောက်ရှိနေစဉ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲအား အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာစီယံ) အတွင်းရေးမှူးရုံးနဲ့ အဖွဲ့ဝင်နိုင်ငံများက လေ့လာသူများ မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ကျင်းပခဲ့တဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေပြုကာ ၂၀၁၀ တွင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများကို နိုင်ငံတကာ လေ့လာသူများ လာရောက်နိုင်ဖို့ ကမ်းလှမ်းချက်များအား မြန်မာအာဏာပိုင်များက လစ်လျူရှုခဲ့ပြီးသော်လည်း ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာသူများ လာရောက်ရန် မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ အခု ဖိတ်ခေါ်ချက်ဟာ နှစ် ၅၀ ကြာ သီးသန့် ရပ်တည်လာခဲ့တဲ့ မြန်မာစစ်ဗိုလ်ချုပ်များရဲ့ ထင်ရှားတဲ့ ပြောင်းလဲမှုတခု ဖြစ်ပါတယ်။ သို့သော်လည်း ဖိတ်ခေါ်ထားတဲ့ လေ့လာသူ အရေအတွက်၊ လေ့လာကြည့်ရှုနိုင်မယ့် အနေအထားတွေနဲ့ ပတ်သက်ပြီး သတင်း တိတိကျကျ ထွက်ပေါ်လာတာတော့ မတွေ့ရသေးပါဘူး။
မြန်မာအစိုးရရဲ့ ဖိတ်ခေါ်ချက်ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အနည်းငယ် အံ့အားသင့်စေခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီ အခြေအနေများတွင် မသမာမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တည်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးအောင်သောင်းနဲ့ လျှပ်တပြတ်ဂျာနယ်က ဦးမြတ်ခိုင်တို့ မတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းက တရုပ်နိုင်ငံ ရွှေလီမြို့ ကျန်းချိန်ဟော်တယ်တွင် တွေ့ဆုံခိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်နေမှုများ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ်များနဲ့ ပတ်သက်ပြီး ဝေဖန် ပြောကြားခဲ့မှုများကို လျှပ်တပြတ်ဂျာနယ်တွင် ဖော်ပြ ဖြန့်ချိခဲ့ပြီးနောက် မြန်မာအစိုးရက အနောက်နိုင်ငံက လေ့လာသူများအား ဖိတ်ခေါ်တဲ့သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဝါရှင်တန် ဒီစီတွင် မတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန်း (Victoria Nuland) က “မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ရွေးကောက်ပွဲအား လေ့လာရန် ကိုယ်စားလှယ် နှစ်ဦး၊ သတင်းသမား သုံးဦး စေလွှတ်ဖို့ ဖိတ်ကြားကြောင်း၊ မြန်မာအစိုးရအနေနဲ့ အာစီယံနိုင်ငံများ အပါအ၀င် အခြားနိုင်ငံများကိုလည်း ဖိတ်ကြားထားတယ်လို့ နားလည်ကြောင်း၊ အခုလို ဖိတ်ခေါ်ချက်ကို ပထမအဆင့်အနေနဲ့ ကြိုဆိုကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို နိုင်ငံတကာ လေ့လာသူများအနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ စောင့်ကြည့်ရေး၊ ရွေးကောက်ပွဲနေ့တွင် စနစ်တကျ စောင့်ကြည့်နိုင်ရေး၊ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဆက်လက် လုပ်ကိုင်တဲ့ အခြေအနေကို သိရှိနိုင်ရေး စတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ပြည့်ပြည့်စုံစုံ လေ့လာရေးတွေ ပြုလုပ်ဖို့ကတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကျွမ်းကျင်တဲ့ စောင့်ကြည့်လေ့လာသူတွေ ရှိရမှာ ဖြစ်ကြောင်း၊ အမေရိကန်တွေအနေနဲ့ အခု ရရှိတဲ့ အခွင့်အလမ်းအပေါ် မူတည်ပြီး ရွေးကောက်ပွဲကို လေ့လာမှာ ဖြစ်ကြောင်း၊ အမေရိကန်တာဝန်ရှိသူတွေအနေနဲ့ အာစီယံနဲ့ အခြား စောင့်ကြည့်လေ့လာသူတွေနဲ့ ပူးပေါင်းကာ လေ့လာနိုင်တဲ့ နယ်ပယ် အကျယ်ပြန့်ဆုံးရနိုင်အောင် ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာစံနှုန်းနဲ့ ညီတဲ့ ရွေးကောက်ပွဲအဆင့် ရရှိနိုင်အောင် လေ့လာသူများ ဖိတ်ခေါ်တဲ့ကိစ္စကို လေးစားကြောင်း“ ပြောကြားသွားခဲ့ပြီး ဘယ်သူဘယ်ဝါကို စေလွှတ်မယ်ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
ထို့အပြင် သူက “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ လေ့လာသူတွေကို အရင်က ခွင့်မပြုခဲ့ကြောင်း၊ အခုလို ဖိတ်ခေါ်ခြင်းဟာ ကောင်းမွန်တဲ့ ပထမခြေလှမ်း ဖြစ်ကြောင်း၊ နိုင်ငံတကာ စံနှုန်းအတိုင်း အပြည့်အ၀ လွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲ အခြေအနေတော့ မဖြစ်နိုင်သေးကြောင်း၊ အမေရိကန်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့စနစ်တွေ ရှေ့ဆက်ပြီး ပိုမို ပွင့်လင်းလာမယ်လို့ မျှော်လင့်ကြောင်း“ လည်း ပြောကြားသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ရှင်းလင်း ပြောကြားချက်များအရ ရန်ကုန်ရှိ အမေရိကန်သံရုံးနဲ့ မြန်မာအစိုးရတို့ဟာ အရေးကြီးတဲ့ ကိစ္စတွေဖြစ်တဲ့ ဘယ်သူတွေကို လာစေချင်တယ်၊ ဗီဇာ ဘယ်နှစ်ရက် ပေးမယ်စသည်ဖြင့် ပြောဆိုမှုတွေ ပြုလုပ်နေကြောင်းလည်း သိရှိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက ပေးပို့တဲ့ အေပီသတင်းမှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟန်ဆန် (Hun Sen) ကို အာစီယံအဖွဲ့ရုံး၊ အာစီယံနိုင်ငံများနဲ့ အာစီယံ မိတ်ဖက်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံကို လေ့လာသူ အနည်းငယ်စီ စေလွှတ်ဖို့ ဖိတ်ကြားထားတယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က ဟွန်ဆန်ကို နိုင်ငံခြား လေ့လာသူတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြောပြဖို့ တောင်းဆိုတဲ့အတွက် ကမ္ဘောဒီးယားခေါင်းဆောင်က ထိုကိစ္စနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ပေးပို့ပေးမယ်လို့ သဘောတူညီခဲ့ကြောင်း အဲဒီသတင်းတွင် ဆက်လက် ဖော်ပြထားပါတယ်။
ကိုးကား
http://news.yahoo.com/us-ready-send-observers-myanmar-184309542.html
http://www.nytimes.com/2012/03/22/world/asia/myanmar-invites-western-election-monitors.html?partner=rss&emc=rss
http://news.yahoo.com/myanmar-allow-us-eu-monitors-april-vote-144855008.html
http://www.state.gov/r/pa/prs/dpb/2012/03/186587.htm#BURMA
သတင်း - ကြားဖြတ် ရွေးကောက်ပွဲ လေ့လာသူများ - Mar 21 2012 11:34 PM EST     http://burmatoday.net/news.php?news_ID=154

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif